(ပြည်တွင်း) ဩဂုတ် ၁၅
ပြည်ခိုင်ဖြိုးပါတီ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးစဉ်အဖြစ်ရောက်ရှိနေသည့် ဘယ်လာရုစ်သမ္မတနိုင်ငံ၏ “ဘယ်လာယာရုစ်” ပါတီ ဥက္ကဋ္ဌ အိုလ်ဂါ ချီမိုဒါနိုဗာ (Olga Chemodanova) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များအား ဩဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းက နေပြည်တော်ရှိ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ဧည့်ခန်းမတွင် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ဒေသန္တရအဆင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးနှင့် အဓိကကျသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် မြန်မာဘက်က မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ဆက်ဆံရေးများ တိုးတက်ဖွံ့ဖြိုးလာနေသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး နေပြည်တော်၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် ပတ်သက်၍ ဘယ်လာရုစ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ ပိုမိုသိရှိနိုင်စေရေးအတွက် ပါတီက သတင်းအချက်အလက် ဖြန့်ဝေပေးခြင်းနှင့် နှစ်ဖက်ဆက်သွယ်မှုများတွင် ကူညီပေးမည်ဖြစ်သည်ဟုဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် နေပြည်တော်၏ မြို့ပြဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းများတွင် အသုံးချနိုင်မည့် ဘယ်လာရုစ်နိုင်ငံ မင်းစ်ခ်မြို့၏ အမှိုက်စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးချရေးနည်းပညာများနှင့် ရေသန့်စင်ရေးနည်းပညာများအပေါ် စိတ်ဝင်စားမှုရှိကြောင်း ဆွေးနွေးခဲ့ကြ “ဘယ်လာယာရုစ်” ပါတီကပြောသည်။

ဘယ်လာယာရုစ်ပါတီ ဥက္ကဋ္ဌ အိုလ်ဂါ ချီမိုဒါနိုဗာက ယခင်က နှစ်ဖက်အကြား လက်မှတ်ရေးထိုးထားခဲ့သည့် နားလည်မှုစာချွန်လွှာ (MoU) များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေးအတွက် တိကျသည့် ပူးပေါင်းစီမံကိန်းများဖြင့် ဆက်လက်ဖော်ဆောင်ရန် လိုအပ်ကြောင်း အလေးထားပြောကြားခဲ့သည်။
ထို့အတူ ပါတီအဖွဲ့အစည်းများအနေဖြင့် နှစ်ဖက်အကြား ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် လိုအပ်သည့် အကူအညီများ ပေးအပ်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ဘယ်လာရုစ်နိုင်ငံ မင်းစ်ခ်မြို့ရှိ နေပြည်တော်နှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားသည့် စီးပွားရေးလုပ်ငန်းများ လုပ်ငန်းရှင်များ၏ ဆက်သွယ်ရန်အချက်အလက်များကို လွှဲပြောင်းပေးခဲ့ပြီး သက်ဆိုင်ရာလုပ်ငန်းများနှင့် အတွေ့အကြုံများကို လေ့လာနိုင်ရန် မင်းစ်ခ်မြို့တော် စည်ပင်သာယာရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုများ စီစဉ်ပေးနိုင်ကြောင်းလည်း ကမ်းလှမ်းခဲ့သည်။
ထို့ပြင် နေပြည်တော်နှင့် ဘယ်လာရုစ်နိုင်ငံရှိ သင့်လျော်သည့် ဒေသများအကြား ညီအစ်မမြို့၊ ညီအစ်မဒေသ ဆက်ဆံရေး (Sister City/Sister Region) များ ထူထောင်၍ ပိုမိုတက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နှစ်ဖက်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလားအလာများ၊ နည်းပညာနှင့် စွမ်းဆောင်ရည်များကို အပြန်အလှန် လေ့လာဖလှယ်နိုင်ပြီး ဒေသန္တရအဆင့် ဆက်ဆံရေးများ ပိုမိုနက်ရှိုင်းခိုင်မာလာစေရန် အထောက်အကူဖြစ်စေမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
Telegram – t.me/positiveanglenews