
(မှုခင်း) သြဂုတ် ၈
မွန်ပြည်နယ်၊ ကျိုက္ခမီပင်လယ်ပြင်တွင် ရေလုပ်သားအချင်းချင်း စကားများရန်ဖြစ်ရာမှ လည်ပင်းညစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်က ကျိုက္ခမီပင်လယ်ပြင်ရှိ ငါးဖမ်းလှေပေါင်းအပေါ်ထပ်တွင် ရေလုပ်သား ဦးဆန်းလွင်(၅၂)နှစ်အား ရေလုပ်သားဖြစ်သူ စိုင်းဝဏ္ဏ(ခ)ကိုသက်က ၎င်း၏ မုန့်နှင့် ကော်ဖီမစ်ထုပ်များ ခိုးယူစားသောက်မှုနှင့် ပတ်သက်၍ စကားများ ခိုက်ရန်ဖြစ်ခဲ့ကြောင်း၊ထို့နောက် စိုင်းဝဏ္ဏ(ခ)ကိုသက်က ဦးဆန်းလွင်၏ လည်ပင်းအား နိုင်လွန်ကြိုးဖြင့် ချည်နှောင် ညှစ်သတ်လိုက်သောကြောင့် ဦးဆန်းလွင်မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် စိုင်းဝဏ္ဏအား ထိန်းသိမ်းထားရှိပြီး ငါးဖမ်းလှေအား ကျိုက္ခမီမြို့သို့ ပြန်လည်မောင်းနှင်လာကာ ရေလုပ်ငန်းရှင်သို့ တိုင်ကြားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်ပြီး ရေလုပ်သားအဖြစ်လုပ်ကိုင်နေသူ ဦးဆန်းလွင်ကို အသက်သေဆုံးစေသည်အထိ ထိုးကြိတ် ကန်ကျောက်ပြီး ကြိုးဖြင့် ချည်နှောင်ညှစ်သတ်ခဲ့သူ စိုင်းဝဏ္ဏ(ခ)ကိုသက်အား သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် (ပ)၄၀/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ကာ ဖမ်းဆီးစစ်ဆေးထားကြောင်း သိရသည်။