
(မှုခင်း) သြဂုတ် ၈
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ သစ်တောရပ်ကွက်တွင် စိတ်ကြွ ရူးသွပ်ဆေးပြားများ သယ်ဆောင်လာသူ ၂ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၇ ရက်၊ နံနက်ပိုင်းအချိန်က တောင်ကြီးမြို့ သစ်တောရပ်ကွက်၊ ကမ္ဘောဇလမ်းပေါ်တွင် မူးယစ်ဆေးဝါးများ ရောင်းဝယ်မှုရှိနေခြင်း သတင်းအရ တောင်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စောင့်ဆိုင်းနေစဉ် ဟိုပုံးမြို့နယ်နေ အိုက်လန်နှင့် မအေးနွန်း ဆိုသူတို့ မောင်းနှင် စီးနင်လာသည့် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ ၎င်းတို့ သယ်ဆောင်လာသည့် ပလတ်စတစ် ဆွဲခြင်းအတွင်း WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ပြားအား တွေ့ရှိကာ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိတရားခံနှစ်ဦးဖြစ်သည့် ဟိုပုံးမြို့နယ်၊ နောင်ကျင်းရွာနေ အိုက်လန်နှင့် နားလင်းရွာနေ မအေးနွန်းတို့အား တောင်ကြီးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉ (က)/၂၁ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။