(လွှတ်တော်) ဇူလိုင် ၂၁
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ရေးရာဆောင် (I-12) ရှိ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီဝင်များအား သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးသက်ပုံက ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအား မိတ်ဆက်ပေးပြီးနောက် ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက မိမိအနေဖြင့် လွှတ်တော်အခွင့်အရေးကော်မတီဥက္ကဋ္ဌနှင့် လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း၊ လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် လွှတ်တော်၏ဂုဏ်သိက္ခာမြင့်မားရေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပြည်တွင်းရှိ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲမှတစ်ဆင့် ပြည်သူများ၏ ဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ခံရသူများဖြစ်ကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်သည် ဒီမိုကရေစီ၏ ခြေလှမ်းအစဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် လွှတ်တော်တွင် အစိုးရဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် ကော်မတီ (၂၂) ခု ဖွဲ့စည်းထားကြောင်း၊ ယင်းကော်မတီများ၏ ဆောင်ရွက်ချက်များသည် လွှတ်တော်၏ဂုဏ်သိက္ခာနှင့် တိုက်ရိုက်ဆက်နွယ်နေသဖြင့် အရေးကြီးကြောင်း ပြောကြားခဲ့သည်။
ကော်မတီများသည် လွှတ်တော်၏ ပင်မဒေါက်တိုင်များဖြစ်သည့်အတွက် မိမိတို့၏ လုပ်ငန်းတာဝန်များအပေါ် ပြန်လည်သုံးသပ်ကာ လိုအပ်ချက်များ ဖြည့်စွက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးရှိမည့် မေးခွန်းများ၊ အဆိုများ ထွက်ပေါ်လာစေရေး ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းခဲ့သည်။
မြန်မာနိုင်ငံတွင် အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGO) ၃၆၆၆ ခုနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအသင်းအဖွဲ့များ (INGO) ၄၅ ခု ရှိကြောင်း၊ ယင်းအဖွဲ့အစည်းများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်းစာနာထောက်ထားရေးနှင့် စားရေရိက္ခာဖြည့်ဆည်းရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် လွှတ်တော်အနေဖြင့် NGO၊ INGO များ၏ လုပ်ဆောင်ချက်များကို ဥပဒေရှုဒေါင့်မှ သုံးသပ်ပြီး နိုင်ငံတော်အတွက် အကျိုးရှိစွာ ဆောင်ရွက်နိုင်ရေး စီမံပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် NGO၊ INGO များနှင့်စပ်လျဉ်း၍ သီးခြားဥပဒေများ ပြဋ္ဌာန်းထားခြင်းမရှိသဖြင့် NGO/INGO Management Law၊ Foreign Assistance Transparency Law၊ Volunteer Service Law၊ Data Protection Law၊ Public Benefit Organization Law နှင့် Humanitarian Coordination Law များ ပြဋ္ဌာန်းသင့်၊ မသင့် ဆွေးနွေးသုံးသပ်ရန် လိုအပ်ကြောင်း၊ လက်ရှိတည်ဆဲဥပဒေများကိုလည်း ပြန်လည်ဆန်းစစ်၍ လက်ရှိအခြေအနေနှင့် ကိုက်ညီမှုရှိ၊ မရှိ၊ လိုအပ်ချက်များနှင့် ထပ်မံဖြည့်စွက်ရန် လိုအပ်ချက်များကို လေ့လာသုံးသပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ကော်မတီအနေဖြင့် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော NGO၊ INGO များ၏ အရေအတွက်၊ မှတ်ပုံတင်ဆောင်ရွက်ထားမှုအခြေအနေ၊ အဖွဲ့အစည်းများ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းနယ်ပယ်အလိုက် အမှန်တကယ် ဆောင်ရွက်နိုင်မှု၊ ရန်ပုံငွေသုံးစွဲမှု၊ ရန်ပုံငွေရရှိသည့် အရင်းအမြစ်များနှင့် ငွေကြေးစီးဆင်းမှုဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းစိစစ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ကော်မတီအနေဖြင့် NGO၊ INGO များနှင့် တွေ့ဆုံဆွေးနွေးကာ ၎င်းတို့၏ အခက်အခဲများနှင့် လိုအပ်ချက်များကို လွှတ်တော်တွင် မေးခွန်းများမေးမြန်းခြင်း၊ အဆိုများတင်သွင်းခြင်းတို့ဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးပြုနိုင်သည့် အဖွဲ့အစည်းများ ပေါ်ပေါက်လာစေရေး အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းအပြင် မိမိတို့ တာဝန်ထမ်းဆောင်မည့် လွှတ်တော်သက်တမ်း (၅) နှစ်တာကာလအတွင်း လွှတ်တော်ကဏ္ဍ ပိုမိုမြင့်မားတိုးတက်လာပြီး နိုင်ငံတော်နှင့် ပြည်သူများမှ အားထားရသည့် လွှတ်တော်တစ်ရပ်ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။