မြန်မာဒုတိယသမ္မတနှင့် တိဗက်ဒေသ ကော်မတီအတွင်း ရေးမှူးတို့ တွေ့ဆုံ – စီးပွားရေး၊ ယဉ်ကျေးမှုနှင့် နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး   

(ပြည်တွင်း) ဇူလိုင် ၁၇                            

   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပသည့် “ပဉ္စမအကြိမ်မြောက် တရုတ်-တိဗက် ဟိမဝန္တာဖြတ်ကျော် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖိုရမ်” သို့ တက်ရောက်လျက်ရှိသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ နန်းနီနီအေးသည် ယမန်နေ့ညနေပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ၊ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကော်မတီအတွင်းရေး မှူး Mr. Wang Junzheng နှင့် လင်ချီမြို့(Linzhi)ရှိ Rui Crown ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။                   

  တွေ့ဆုံပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့များသည် မြန်မာနိုင်ငံနှင့် တိဗက်ဒေသတို့အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးအတွက် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရန် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

  နှစ်ဖက်တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် တိဗက်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသတို့အကြား ယဉ်ကျေးမှု၊ ကုန်သွယ်မှု၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး၊ ဗုဒ္ဓဘာသာစာပေနှင့် သမိုင်းဝင်အမွေအနှစ်များ ထိန်းသိမ်းစောင့် ရှောက်ရေးဆိုင်ရာ အပြန်အလှန်လေ့လာရေးခရီးစဉ်များမှတစ်ဆင့် ခရီးသွားကဏ္ဍ မြှင့်တင်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် နည်းပညာမျှဝေရေး၊ တိုင်းရင်းဆေး ဝါးကဏ္ဍနှင့် MSME (အဏု၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ) ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ခင်မင်ရင်းနှီးစွာနှင့် ပွင့်လင်းမြင်သာစွာ ဆွေးနွေးခဲ့ကြသည်။

    အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဘက်မှ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးနိုင်မင်းကျော်နှင့် ဒေါက်တာသောင်းနိုင်ဦးတို့ တက်ရောက်ခဲ့ကြသည်။ ညနေပိုင်းတွင် ဒုတိယသမ္မတ နန်းနီနီအေးသည် ဖိုရမ်သို့ တက်ရောက်လာသည့် အခြားနိုင်ငံများမှ ခေါင်းဆောင်များနှင့်အတူ ညစာစားပွဲ၌ ပါဝင်တက်ရောက်ခဲ့သည်။              

    ယခုဆွေးနွေးမှုသည် ဒေသတွင်းနိုင်ငံများအကြား ချိတ်ဆက်ဆောင်ရွက်မှုများကို ပိုမိုအားကောင်းစေပြီး၊ နှစ်နိုင်ငံ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည် ဖြစ်သည်။          

Telegram»… https://t.me/positiveanglenews

#PAN