
(နိုင်ငံတကာ) ဇူလိုင် ၁၅
အမေရိကန်၏ ကြားဝင်စေ့စပ်မှုဖြင့် ရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရှိနေသော်လည်း၊ အစ္စ ရေးတပ်ဖွဲ့များသည် ဂါဇာကမ်းမြောင်ဒေသအတွင်း တိုက်ခိုက်မှုများကို နေ့စဉ်နီးပါး ဆက်လက်ပြုလုပ်လျက်ရှိရာ ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင် (၃) ဦး သေဆုံးပြီး ကလေးငယ်တစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း သိရသည်။
ဂါဇာကမ်းမြောင်အလယ်ပိုင်း၊ ဒီးအယ်လ်ဘလာ (Deir el-Balah)မြို့ရှိ တိုက်ခန်းတစ်ခုကို အစ္စရေးစစ်တပ်က လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုကြောင့် ဖခင်၊ မိခင်နှင့် (၆) နှစ်အရွယ် သမီးဖြစ်သူတို့ ပွဲချင်းပြီး သေဆုံးခဲ့ရပြီး၊ မိသားစုထဲတွင် ကလေးငယ်တစ်ဦးသာ အသက်ရှင်လျက် ပြန်လည်ကယ် ဆယ်နိုင်ခဲ့သည်။ ပါလက်စတိုင်း အရပ်ဘက်ကာကွယ်ရေးအဖွဲ့များ အခင်းဖြစ်ပွားရာနေရာသို့ အချိန်မီရောက်ရှိကာ မီးငြှိမ်းသတ်ပြီးနောက် အဆိုပါ ကလေးငယ်ကို ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
အစ္စရေးစစ်တပ်ဘက်ကမူ ၎င်းတို့၏ တိုက်ခိုက်မှုမှာ ဟားမားစ်တိုက်ခိုက်ရေးသမားတစ်ဦးကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း နောက်ပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။ အလားတူပင် ဂါဇာမြို့ရှိ ပြန်လည်ထူထောင်ရေးစင်တာတစ်ခုနှင့် ခန်ယူနစ်မြို့ရှိ နေရပ်စွန့်ခွာသူများ ခိုလှုံရာ ပန်းခြံတစ်ခုကိုလည်း အစ္စရေးက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နောက် ဆုံး (၂၄)နာရီအတွင်း အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူပေါင်း (၁၂)ဦး သေဆုံးပြီး (၁၈)ဦး ဒဏ်ရာရရှိခဲ့သည်။ အောက် တိုဘာလက သဘောတူညီခဲ့သော အပစ်အခတ်ရပ်စဲရေးကာလအတွင်း အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေ ဆုံးသူ (၁,၁၀၀) ကျော်ရှိလာပြီဖြစ်ပြီး၊ ယင်းတို့အနက် ကလေး သူငယ် (၂၇၅) ဦး ပါဝင်သည်။ ကုလသမဂ္ဂ၏ အစီရင်ခံစာများအရ ဂါဇာရှိ ကလေးငယ် (၉၆) ရာခိုင်နှုန်းမှာ သေခြင်းတရားနှင့် နေ့စဉ်ရင်ဆိုင်နေရသည်ဟု ခံစားနေရကြောင်း သိရသည်။
(၂၀၂၃) ခုနှစ် အောက်တိုဘာလမှ စတင်ခဲ့သော ဤစစ်ပွဲအတွင်း အစ္စရေးသည် ဗုံးတန်ချိန် (၂၂၃,၀၀၀) ကျော်ကို ဂါဇာအပေါ် ကြဲချခဲ့ပြီး၊ ၎င်းမှာ ဟီရိုရှီးမားကို ကြဲချခဲ့သည့် အက်တမ်ဗုံးထက် (၁၆) ဆ ပိုမိုများပြားသည်။
ယခုအချိန်အထိ လူပေါင်း (၇၃,၂၀၀) ကျော် သေဆုံးခဲ့ပြီးဖြစ်သော်လည်း၊ ဟားမားစ်တို့၏ လက်နက်စွန့်လွှတ်မှုနှင့် အစ္စ ရေးတပ်များ အပြည့်အဝ ပြန်လည်ရုပ်သိမ်းမှုပါဝင်သည့် “အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်” ဆွေးနွေးပွဲများမှာမူ အောင်မြင်မှုမရရှိဘဲ ရပ်တန့်နေဆဲ ဖြစ်သည်။ ဤအခြေအနေကြောင့် စစ်ပွဲမှာ အပြီးတိုင် ရပ်တန့်သွားမည့် အလားအလာမှာ အလွန်ဝေးကွာနေဆဲဖြစ်သည်။
Telegram»… https://t.me/positiveanglenews
#PAN