ပဲခူးမြို့ရှိ တိရစ္ဆာန်အစာချက်စက်ရုံ၌ လုပ်ငန်းခွင်အတွင်း အလုပ်သမား ၃ ဦး သေဆုံးမှုဖြစ်ပွား

(မှုခင်း) ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့၊ ဥဿာမြို့သစ် (၈)ရပ်ကွက်၊ စက်မှုဇုန် (၂)ရှိ Zhengbang Myanmar (ကျန်းပန်း မြန်မာ) တိရစ္ဆာန်အစာချက်စက်ရုံရှိ လုပ်ငန်းခွင်အတွင်း အလုပ်သမား ၃ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၃ ရက် ညနေ ၅ နာရီအချိန်ခန့်က ဥဿာမြို့သစ် (၈)ရပ်ကွက်၊ စက်မှုဇုန် (၂)ရှိ Zhengbang Myanmar တိရစ္ဆာန်အစာချက်စက်ရုံတွင် ကြက်စာနှင့် ဝက်စာများ အစာစပ်ရာတွင် အသုံးပြုသော ငါးဆီဖြန်းလုပ်ငန်းဆောင်ရွက်နေသည့် အမြင့် (၁၀)ပေခန့်၊ အကျယ် (၈)ပေခန့်၊ အနက် (၁၅)ပေခန့်ရှိ သံလှောင်ကန်အတွင်း စက်ရုံအလုပ်သမား ဦးအောင်လင်းဦး၊ ဦးချမ်းသာနှင့် ဝေယံစိုးတို့ ၃ဦး အလုပ်လုပ်ကိုင်နေစဉ် စက်ရုံ၏ စက်ပြင်ဆရာ ရဲလင်းသူက Icon စကားပြောစက်ဖြင့် ဦးအောင်လင်းဦးအား ဆက်သွယ်ခေါ်ဆိုရာ တုံ့ပြန်မှုမရရှိသဖြင့် ငါးဆီကန်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာ ဦးအောင်လင်းဦးအား ပက်လက်လှန်အနေထားဖြင့် လည်းကောင်း၊ ဦးချမ်းသာနှင့် ဝေယံစိုးတို့ ၂ဦးကိုလည်း အပေါ်သို့ မော့ကြည့်နေသည့် အနေအထားဖြင့် တွေ့ရှိခဲ့ရသဖြင့် ရဲလင်းသူက ပတ်ဝန်းကျင်ရှိ အလုပ်သမားများအား အကူအညီတောင်းခံကာ ငါးဆီကန်အတွင်းသို့ ဆင်း၍ ကြိုးဖြင့်ဆွဲတင်ကယ်ဆယ်ခဲ့သော်လည်း ၎င်းတို့ (၃)ဦးမှာ သေဆုံးနေကြောင်း သိရသည်။

အဆိုပါ သေဆုံးသူများအား လူနာတင်ယာဉ်ဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက သေဆုံးရသည့် အကြောင်းရင်းအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram….https://t.me/positiveanglenews#PAN