
(ပြည်တွင်း) ဇူလိုင် ၁၄
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများ၏ အလွတ်သဘောအစည်းအဝေးသို့ တက်ရောက်နေသော နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် အစည်းအဝေးကာလအတွင်း အာဆီယံနိုင်ငံအချို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံဥက္ကဋ္ဌ၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့နှင့် သီးခြားစီတွေ့ဆုံ၍ ဆွေးနွေးခဲ့သည်။

ဇူလိုင်လ ၁၂ ရက်၊ နံနက် ၁၁:၀၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာ ထရက်ဆာ ပရဲညို လာဇာရိုနှင့် တွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် မြန်မာ နိုင်ငံ၏ မူလနေရာ ပြန် လည်ရရှိရေးအတွက် အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်သွားရန် ကိစ္စရပ်များကို ဆွေး နွေးခဲ့ကြသည်။
အလားတူ ယင်းနေ့တွင် ပြည်ထောင်စုဝန်ကြီးသည် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် နေ့လယ် ၁:၀၀ နာရီတွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် အာဆီယံအတွင်း အပြု သဘောဆောင် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။


ထို့နောက် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးနှင့် ညနေ ၃:၀၀ နာရီတွင် တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေးနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ဆွေးနွေးခဲ့သည်။ ထို့အပြင် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးနှင့်လည်း ညနေ ၅:၁၀ နာရီတွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ကာလရှည်ကြာ တည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ရန်နှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။

ဤတွေ့ဆုံဆွေးနွေးမှုများသည် မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား သံတမန်ရေးရာ ဆက်ဆံမှုများ ပိုမိုခိုင်မာစေရန်နှင့် မြန်မာနိုင်ငံ၏ အာဆီယံမူဘောင်အတွင်း ပုံမှန်လုပ်ငန်း စဉ်များသို့ ပြန်လည်ဝင်ရောက်နိုင်ရေး ကြိုးပမ်းမှုများအတွက် အရေးပါသော ခြေလှမ်းများဖြစ်ကြောင်း သိရှိရသည်။


ယခင်ကလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် အချို့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများဖြင့် အလွတ်သဘော သီးခြားစီတွေ့ဆုံ၍ ဆွေးနွေးမှုများ ရှိခဲ့ကြသော်လည်း အဆိုပါ အာဆီယံနိုင်ငံများက သတင်းထုတ်ပြန်ခြင်းမပြုရန် မေတ္တာရပ်ခံထားခဲ့ကြသည်ဟု သိရပါသည်။
Telegram»… https://t.me/positiveanglenews
#PAN