(ပြည်တွင်း) ဇူလိုင် ၁၁
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင် ၄ ဦးကို KIA/PDF ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (SEA) ၏ ကြားဝင်ညှိနှိုင်းဆောင်ရွက်မှုများကြောင့် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများမှာ အင်းတော်ကြီးဒေသလုံးဆိုင်ရာ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဝင်းဇော်၊ ဒေါ်ညွန့်ရီ၊ မောင်မဲနှင့် ဒေါ်ကြည်ကြည်ဝင်းတို့ဖြစ်ပြီး ဇူလိုင် ၆ ရက်နေ့တွင် မိုးညှင်းမြို့နယ် နမ့်မီးလောင်ကျေးရွာ၌ KIA/PDF ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်ရေးအတွက် မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (SEA) သည် ဇူလိုင် ၁၀ ရက်စွဲဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့ အကူအညီတောင်းခံစာ ပေးပို့ခဲ့သည့်အပြင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်လည်း ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ဆက်စပ်၍ SNA ဘက်မှလည်း ဆားမှော်ကျေးရွာရှိ သင်းအုပ်ဆရာတစ်ဦးနှင့် ဒေသခံအချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နှစ်ဖက်အဖွဲ့အစည်းများအကြား အပြန်အလှန်ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် SNA ဘက်မှ ၎င်းတို့ဖမ်းဆီးထားသူများကို ဇူလိုင် ၁၀ ရက်နေ့တွင် လမ်းစရိတ်များပေးကာ ပြန်လည်လွှတ်ပေးခဲ့ပြီး KIA/PDF ပူးပေါင်းအဖွဲ့ကလည်း ဇူလိုင် ၁၁ ရက် နံနက်ပိုင်းတွင် ၎င်းတို့ဖမ်းဆီးထားသည့် ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင် ၄ ဦးကို ရပ်မိရပ်ဖများရှေ့မှောက် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
SEA ၏ ပြောကြားချက်အရ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် KIA အဖွဲ့၏ ဖမ်းဆီးမှုကို ခံခဲ့ရသည့် ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များမှာ အနည်းဆုံး ၁၀ ဦးရှိခဲ့ကြောင်း သိရှိရသည်။

Telegram -t.me/positiveanglenews
#PAN