လူမှုကာကွယ်စောင့်ရှောက်ရေးစနစ် တိုးတက်ခိုင်မာရေး အမျိုးသားကော်မတီအစည်းအဝေး ကျင်းပ

(ပြည်တွင်း) ဇူလိုင် ၁၀

လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ကော်မတီဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယစာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံမဏ္ဍိုင်တစ်ခုဖြစ်ကြောင်း၊ ပြည်သူအားလုံး၏ လူမှုဘဝလုံခြုံမှုရရှိစေရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက်အကူပြုသည့် အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် လူမှုကာကွယ်စောင့်ရှောက်ရေးသည် လူတစ်ဦးချင်းနှင့် အိမ်ထောင်စုများကို စီးပွားရေးနှင့် လူမှုရေးအန္တရာယ်များမှ ကြိုတင်ကာကွယ်ပေးခြင်း၊ အခြေခံဝန်ဆောင်မှုများနှင့် အခြေခံအဆောက်အအုံများရရှိစေရန် အထောက်အကူပြုခြင်း၊ စီးပွားရေးအခွင့်အလမ်းများ တိုးမြှင့်ပေးခြင်းနှင့် အရေးပေါ်အခြေအနေများကြောင့် ဖြစ်ပေါ်လာသည့် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အခက်အခဲများကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတော်မှ မူဝါဒ၊ လုပ်ထုံးလုပ်နည်းနှင့် အစီအမံများဖြင့် စနစ်တကျ ဆောင်ရွက်ပေးရသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်တွင် အဓိကလုပ်ငန်းစဉ် (၈) ရပ် ပါဝင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်း၊ အသက်အရွယ်အလိုက် ကလေးထောက်ပံ့မှု တိုးချဲ့ခြင်း၊ မသန်စွမ်းသူများအတွက် ထောက်ပံ့မှုများ၊ ကျောင်းတွင်း အာဟာရကျွေးမွေးရေးအစီအစဉ်များ၊ အများပြည်သူ အလုပ်အကိုင်ရရှိရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရေးအစီအစဉ်များ၊ လူမှုရေးပင်စင်အစီအစဉ်များ၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများ စသည့် အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒုတိယသမ္မတက ဆက်လက်၍ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ထိရောက်အောင်မြင်စေရန်အတွက် နိုင်ငံတော်အစိုးရအပြင် ပုဂ္ဂလိကကဏ္ဍ၊ ပြည်တွင်း၊ ပြည်ပ ပရဟိတအဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မပြည့်စုံသေးသည့် လုပ်ငန်းစဉ်များကို ကာလတို၊ ကာလလတ်နှင့် ကာလရှည် စီမံကိန်းများရေးဆွဲကာ ဆက်လက်အကောင်အထည်ဖော်သွားရန် အလေးထား ပြောကြားခဲ့သည်။

ထို့အပြင် လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို ထုတ်ပြန်ခဲ့သည်မှာ နှစ်အတော်ကြာရှိနေပြီဖြစ်သဖြင့် ခေတ်နှင့်လျော်ညီစေရန် ပြန်လည်သုံးသပ်၍ ပိုမိုခိုင်မာသည့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်တစ်ရပ် တည်ဆောက်သွားရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် အစိုးရတစ်ရပ်အနေဖြင့် မဖြစ်မနေ ဆောင်ရွက်ပေးရမည့် လုပ်ငန်းရပ်များဖြစ်ပြီး ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုသည့် အရေးပါသော လုပ်ငန်းများဖြစ်ကြောင်း၊ ထိုလုပ်ငန်းများသည် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးရုံသာမက နိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်လည်း ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် “မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျမကျန်စေရ” ဆိုသည့် ရည်မှန်းချက်ဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များ ပိုမိုအားကောင်းလာစေရေးအတွက် တက်ရောက်လာသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးကြရန် တိုက်တွန်းခဲ့သည်။

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ရှိဆောင်ရွက်နေသည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တင်ပြခဲ့သည်။

ယင်းနောက် တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြဆွေးနွေးကြရာ ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက ဖြည့်စွက်ညှိနှိုင်း ဆွေးနွေးပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Telegram - t.me/positiveanglenews 


#PAN