အိန္ဒိယ-မြန်မာ (၂၃) ကြိမ်မြောက် အမျိုးသားအဆင့်အစည်းအဝေး နယူးဒေလီတွင် ကျင်းပ၊ နယ်စပ်တည်ငြိမ်ရေးနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ ပူးပေါင်းတိုက်ဖျက်ရန် သဘောတူ 

(ပြည်တွင်း) ဇူလိုင် ၉                             

  အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား (၂၃) ကြိမ်မြောက် အမျိုး သားအဆင့် အစည်းအဝေးကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၇ ရက်မှ ၈ ရက်အထိ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။

     အစည်းအဝေးတွင် အိန္ဒိယကိုယ်စားလှယ်အဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာန အတွင်းရေးမှူး သီရိ ဂိုဗင် မိုဟန် (Shri Govind Mohan)က ဦးဆောင်ခဲ့ပြီး၊ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ပြည် ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူ က ဦးဆောင်ခဲ့သည်။ 

     ဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံအကြား ရေရှည်တည်တံ့ခိုင်မြဲသော ချစ်ကြည်ရေးနှင့် နီးကပ်သော မိတ်ဖက်ဆက်ဆံရေးကို ပြန်လည်အတည်ပြုခဲ့ကြသည်။ အိန္ဒိယဘက်က ၎င်းတို့၏ အိမ် နီးချင်းဦးစားပေးမူဝါဒ (Neighbourhood First)၊ အရှေ့မျှော်ဝါဒ(Act East)နှင့် ဒေသတွင်းလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာ MAHASAGAR မူဝါဒများတွင် မြန်မာနိုင်ငံသည် အရေးပါသော ဗျူဟာမြောက်နေရာတွင် တည်ရှိနေကြောင်း ထပ်လောင်းအလေးပေး ပြောကြားခဲ့သည်။

     နှစ်ဖက်ကိုယ်စားလှယ်များသည် အကြမ်းဖက်မှု၊ သူပုန် ထမှု၊ မူးယစ်ဆေးဝါးမှောင်ခိုမှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ တောရိုင်းတိရစ္ဆာန်မှောင်ခိုမှုနှင့် ဆိုက်ဘာပြစ်မှု အပါအဝင် အုပ် စုဖွဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ပူးပေါင်းတိုက်ဖျက်ရန် အပြုသဘောဆောင်စွာ ဆွေးနွေးခဲ့ကြသည်။

     အဆိုပါ စိန်ခေါ်မှုများကို ထိရောက်စွာ ကိုင်တွယ်နိုင်ရန် နှစ်နိုင်ငံအေဂျင်စီများအကြား ထောက်လှမ်းရေးသတင်းအချက် အလက်ချင်း ဖလှယ်ခြင်း (Intelligence Sharing)၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီ အစဉ်များကို တိုးမြှင့်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်။

     အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် လက်ရှိလုံခြုံရေးအခြေ အနေများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး နယ်စပ်ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေးသည် နှစ်နိုင်ငံစလုံးအတွက် အရေးကြီးကြောင်း အတည်ပြုခဲ့ကြသည်။ အထူးသဖြင့် မိမိတို့၏ အချုပ်အခြာအာ ဏာပိုင် နယ်နိမိတ်ကို အခြားတစ်ဖက်နိုင်ငံ၏ လုံခြုံရေး အကျိုး စီးပွားကို ထိခိုက်စေမည့် မလိုလားအပ်သော လှုပ်ရှားမှုများအတွက် အလွဲသုံးစားလုပ်ခွင့်မပေးရန် အလေးအနက် ထောက်ပြခဲ့ကြသည်။                        

     မြန်မာဘက်ကလည်း မိမိတို့နယ်နိမိတ်ကို အိန္ဒိယနိုင်ငံ၏ လုံခြုံ ရေးကို ဆန့်ကျင်သောအရာများအတွက် အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်း ကတိကဝတ်ပြုခဲ့သည်။ ထို့ ပြင် နှစ်နိုင်ငံစီးပွား ရေးနှင့် လမ်းပန်းဆက်သွယ်ရေးအတွက် အလွန်အရေးပါသည့် ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (Kaladan Multi-Modal Project) နှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး (Trilateral Highway) တို့ အမြန်ဆုံး ပြီးစီးနိုင်ရေးအတွက် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။               

Telegram»…

https://t.me/positiveanglenews

#PAN