တရုတ်နိုင်ငံတောင်ပိုင်းတွင် မုန်တိုင်းမေဆက်ကြောင့် ဆည်ကျိုးပေါက်ပြီး ရေကြီးမှုဖြစ်ပွား၊ လူ ၃၉ ဦး သေဆုံးကာ တိရစ္ဆာန်ရုံမှ တိရစ္ဆာန်အကောင်ရေ ၁၀၀ ကျော် ထွက်ပြေးလွတ်မြောက်

(နိုင်ငံတကာ) ဇူလိုင် ၉

     တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးဒေသတွင် အပူပိုင်းမုန် တိုင်းမေဆက်(Maysak)ကြောင့် ရက်ဆက်မိုးသည်းထန်စွာရွာသွန်းပြီး ရေလှောင်တမံများ ကျိုးပေါက်မှု ဖြစ်ပွားခဲ့ရာ လက်ရှိအချိန်အထိ လူပေါင်း ၃၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသူအများစုမှာ နန်နင်း (Nanning) မြို့တွင် ဆည်ကျိုးပေါက်ကာ ရေလွှမ်းမိုးမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

      နန်နင်းမြို့ ဒုတိယမြို့တော်ဝန် တင်ဝေ (Ding Wei)၏ ကြာ သပတေးနေ့ သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်အရ နန်နင်းမြို့ ဆည်ကျိုးပေါက်မှုတစ်ခုတည်းတွင်တင် လူ ၂၆ ဦး သေဆုံးခဲ့ရပြီး၊ ကွမ်ရှီးဒေသတစ်ခုလုံးတွင် သေဆုံးသူအရေအတွက်မှာ ယခင်ကနဦးသတင်းများထက် သိသိသာ သာ မြင့်တက်လာခြင်း ဖြစ်သည်။ အမျိုးသားမိုးလေဝသစင်တာ၏ ထုတ်ပြန်ချက်အရ အချို့ဒေသများတွင် မိုးရေ ချိန် ၉၀ စင်တီမီတာ (၃၅ လက်မ) ကျော်အထိ စံချိန်တင် မိုးရွာသွန်းခဲ့သည်။

    လက်ရှိတွင် ရေဘေးသင့်ဒေသများမှ ပြည်သူ ၁၃၀,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရပြီး၊ ပိတ်မိနေသူများကို ကယ်ဆယ်ရန် ကယ်ဆယ်ရေးသမား ၈,၀၀၀ ကျော်၊ ဒရုန်းများနှင့် လှေမော်တော် ၅,၇၀၀ ခန့်ကို အသုံးပြုကာ အပြင်း အထန် ရှာဖွေကယ်ဆယ်ရေး ပြုလုပ်နေရသည်။

     လတ်တလောတွင် ရေပြန်ကျလာပြီဖြစ်သော်လည်း လာမည့်နှစ်ရက်အတွင်း မိုးထပ်မံရွာသွန်းနိုင်သေးသဖြင့် စိုးရိမ်ရဆဲဖြစ် သည်။ ရေဘေးဒဏ် အပြင်းအထန်ခံခဲ့ရသည့် ဟန်ကျိုး (Hengzhou) မြို့တွင် ရွှံ့နွံများရှင်းလင်းခြင်းနှင့် ကူးစက်ရောဂါမဖြစ်ပွားစေရန် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို လုပ် ဆောင်နေရပြီး ပျက်စီးသွားသည့် လမ်းများနှင့် လျှပ်စစ်မီးများကို ပြန်လည်ပြင်ဆင်ပေးနေကြောင်း သိရသည်။  

        အဆိုပါ ရေကြီးရေလျှံမှုကြောင့် ကွမ်ရှီးပြည်နယ်ရှိ ကွေ့ကန်း(Guigang) တိရစ္ဆာန်ရုံမှ တိရစ္ဆာန်ထိန်းကျောင်းသည့် အကာ အရံများ ပျက်စီးသွားခဲ့ရာ အယ်လ်ပါကာ ကုလား အုတ်အသေးစားများ၊ ဝက်ပုများနှင့် မြင်းကျားများ အပါအဝင် အနည်းဆုံး တိရစ္ဆာန်အကောင်ရေ ၁၀၀ ကျော် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

     လတ်တလော ပျောက်ဆုံးနေသည့် တိရစ္ဆာန်များထဲတွင် မြောက်အမေရိက ရက်ကွန်း နှစ်ကောင်၊ ဖြူး လေးကောင်နှင့် ဒေါင်း အကောင်သုံးဆယ်တို့ ပါဝင်နေပြီး၊ တိရစ္ဆာန်ရုံအာဏာပိုင်များက ၎င်းတို့ကို လိုက်လံရှာဖွေရာတွင် ကူညီပေးရန် ပြည်သူ များကို အရေးပေါ်အကူအညီတောင်းခံထားသည်။

     ထွက်ပြေးသွားသည့် တိရစ္ဆာန်အချို့မှာ ထိတ် လန့်နေသဖြင့် လူကို ရန်မူတိုက်ခိုက်လာနိုင်ခြေ ရှိသော ကြောင့် မြင်တွေ့ပါက အနားသို့မကပ်ဘဲ ဘေးကင်းရာမှ ရှောင်ရှားကြရန်နှင့် ဖမ်းဆီးရန် သို့မဟုတ် စနောက်ရန် လုံးဝမကြိုးစားကြရန် တရားဝင်သတိပေးချက် ထုတ်ပြန်ထားသည်။

              
Telegram»… https://t.me/positiveanglenews

#PAN