မယ်ဆိုင်နယ်စပ် လုံခြုံရေးအရှိန်မြှင့် ဌာနပေါင်းစုံ ညပိုင်းကင်းလှည့်

(နိုင်ငံတကာ)ဇူလိုင် ‌၇

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများနှင့် ဥပဒေချိုးဖောက်မှုများကို တားဆီးနှိမ်နင်းရန် သက်ဆိုင်ရာဌာန ၆ ခု ပူးပေါင်း၍ နယ်စပ်တစ်လျှောက် ညပိုင်းကင်းလှည့်စစ်ဆေးမှုကို ယမန်နေ့ ဇူလိုင် ၆ ရက် ည ၉ နာရီက ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

မယ်ဆိုင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မယ်ဆိုင်ရဲစခန်း၊ ချင်းရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၊ ထိုင်းတပ်မတော် အထူးတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနနှင့် ဒေသခံရွာလုံခြုံရေးအဖွဲ့တို့ ပူးပေါင်းကာ ဟွာဖိုင်နှင့် စိုင်လုံဂျွိုင်း နယ်စပ်တစ်လျှောက်တွင် ခြေလျင်ကင်းလှည့် စစ်ဆေးခဲ့ ကြောင်းသိရသည်။

ယင်းကင်းလှည့်စစ်ဆေးမှုသည် သဘာဝနယ်စပ်ဖြတ်ကျော်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်သူများကို တားဆီးရန်နှင့် နယ်စပ်ဒေသအတွင်း ဥပဒေမဲ့လုပ်ရပ်များကို ကြိုတင်ကာကွယ်နှိမ်နင်းရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ထို့ပြင် နယ်စပ်ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများအား ကျေးရွာလုံခြုံရေးအဖွဲ့များဖြင့် ၂၄ နာရီ ကင်းလှည့်စောင့်ကြပ်မှု တိုးမြှင့်ဆောင်ရွက်ရန်နှင့် ထူးခြားဖြစ်စဉ်တွေ့ရှိပါက သက်ဆိုင်ရာအာဏာပိုင်များထံ ချက်ချင်းအကြောင်းကြားရန် မြို့နယ်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထား ကြောင်းသိရသည်။

အဆိုပါ ညပိုင်းလုံခြုံရေးစစ်ဆေးမှုအတွင်း ထူးခြားဖြစ်စဉ်တစ်စုံတစ်ရာ မတွေ့ရှိရဘဲ နယ်စပ်အခြေအနေမှာ ပုံမှန်တည်ငြိမ်လျက်ရှိကြောင်း ထိုင်းတာဝန်ရှိသူများက ထုတ်ပြန်ထားကြောင်း သိရသည်။

#PAN