ဖိလစ်ပိုင်ဒုတိယသမ္မတ ဆာရာ ဒူတာတေးကို ရာထူးမှဖယ်ရှားရန် တရားစီရင်မှု ဆီနိတ်လွှတ်တော်၌ စတင်၊ မဟာမိတ်ဆီနီတာတစ်ဦး တရားစီရင်မှုမစတင်မီ စက္ကန့်ပိုင်းအလို၌ ဖမ်းဆီးခံရ

(နိုင်ငံတကာ) ဇူလိုင် ၇

   ဖိလစ်ပိုင်နိုင်ငံ၏ ဒုတိယသမ္မတ ဆာရာ ဒူတာတေး (Sara Duterte)ကို ရာထူးမှ ဖယ်ရှားရေးအတွက် လောင်းကြေးမြင့်မားလှသည့် တရားစီရင်မှု (Impeachment trial) ကို ဇူလိုင် လ ၆ ရက် တနင်္လာနေ့တွင် မြို့တော် မနီလာရှိ ဆီနိတ်လွှတ်တော်၌ တရားဝင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ဤတရားစီရင်မှု သည် ဒုတိယသမ္မတ ဒူတာတေး၏ နိုင်ငံရေးအနာဂတ်နှင့် ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ရည်မှန်း ချက်တို့ကို အဆုံးအဖြတ်ပေးမည့် သမိုင်းဝင် နိုင်ငံရေးဖြစ်ရပ်တစ်ခု ဖြစ်သည်။           

     တရားစီရင်မှု စတင်သည့်နေ့တွင် ဒုတိယသမ္မတ ဆာရာ ဒူတာတေးသည် လူကိုယ်တိုင် လာရောက်ရင်ဆိုင်ခြင်းမရှိဘဲ ၎င်း၏ ရှေ့နေအဖွဲ့ကိုသာ စေလွှတ်ခဲ့သည်။ ဒူတာတေး ၏ ခုခံချေပရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မိုက်ကယ် ပိုအာ (Michael Poa)က ဒုတိယသမ္မတအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း ကာကွယ်ရေးလုပ် ငန်းများကို ရုံးအဖွဲ့နှင့်အတူ ပြင်ဆင်နေရ၍ဖြစ်ကြောင်းနှင့် စွပ် စွဲချက်များသည် အခြေ အမြစ်မရှိကြောင်း လာရောက်သက် သေပြခြင်းဖြစ်ဟု ဆိုသည်။

     ဒူတာတေးကလည်း ထုတ်ပြန်ချက်တစ်ခုတွင် ရှေ့နေမှတစ် ဆင့် ရင်ဆိုင်ခြင်းသည် တာဝန်ယူမှု လျော့နည်းခြင်း သို့မဟုတ် ပွင့်လင်းမြင်သာမှု မရှိခြင်းကို မဆိုလိုကြောင်း ပြောကြားထား သည်။ တရားစီရင်မှုသည် အနည်းဆုံး ရက်ပေါင်း ၉၀ ကျော် ကြာမြင့်မည်ဟု ခန့်မှန်းရသည်။              

     မားကို့စ်မဟာမိတ်များ လွှမ်းမိုးထားသည့် အောက်လွှတ် တော်က ဒူတာတေးအပေါ် စွဲချက်တင်ထားသည့် အချက် ၄ ချက်တွင် အစိုးရလျှို့ဝှက်ရန်ပုံငွေများကို အလွဲသုံးစားလုပ်မှု၊ ကြွယ်ဝချမ်းသာမှု ထုတ်ဖော်ရန် ပျက်ကွက်ခြင်းနှင့် သမ္မတ မားကို့စ်၊ ၎င်း၏ဇနီး လီဇာ အာရာနီတာနှင့် အောက် လွှတ်တော်ဥက္ကဋ္ဌတို့ကို လုပ်ကြံသတ်ဖြတ်မည်ဟု လူသိရှင် ကြား ခြိမ်းခြောက်မှု စသည်တို့ ပါဝင်သည်။                 

     တရားစီရင်ရေးကော်မတီသည် ဒူတာတေးနှင့် သူမ၏ ခင် ပွန်းဖြစ်သူတို့၏ ဘဏ်စာရင်းများကို စစ်ဆေးရန် ဘဏ် ၉ ခုသို့ သမ္မန်စာများ ထုတ်ဆင့်ထားပြီးဖြစ်သည်။ တရားစီရင်မှုကို ဦး ဆောင်မည့်သူနှင့် ပတ်သက်၍လည်း လွှတ်တော်အတွင်း အခြေအတင်ဖြစ်ပွားခဲ့ပြီးနောက် ဆီနီတာ-တရားသူကြီးများက မဲခွဲဆုံး ဖြတ်ရာ ၁၂ မဲ – ၈ မဲဖြင့် ဆီနီတာ ဖရန်စစ် “ချစ်ဇ်” အက်စကူဒီရို (Francis “Chiz” Escudero)ကို တရားစီရင်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ရွေး ကောက်တင်မြှောက်ခဲ့သည်။ ဒူတာတေးကို ပြစ်ဒဏ်ချမှတ်ပြီး ရာထူးမှ ဖယ်ရှားနိုင်ရန်အတွက် အဖွဲ့ဝင် ၂၄ ဦးပါ ဆီနိတ်လွှတ်တော်၏ သုံးပုံနှစ်ပုံ (၁၆ မဲ) အထက် ရရှိရန် လိုအပ်မည်ဖြစ်သည်။

     တရားစီရင်မှု မစတင်မီ နာရီပိုင်းအလိုတွင် ထူးခြားပြီး တုန် လှုပ်ဖွယ်ရာ အလှည့်အပြောင်းတစ်ခုအဖြစ် ဒူတာတေး၏ အဓိကမဟာမိတ်ဖြစ်သူ ဆီနီတာ ရိုဒန်တေ မာကိုလီတာ (Rodante Marcoleta)သည် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲအတွင်း ပီဆို ၇၅ သန်း (ဒေါ်လာ ၁.၂ သန်း) အဂတိ လိုက် စားမှု၊ နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှု (Plunder) စွဲချက်ဖြင့် ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ၎င်းသည် ယခုတရားစီရင်မှုတွင် တရားသူကြီးအဖြစ် မဲပေးရမည့်သူဖြစ်ရာ ဒူတာတေးအတွက် အရေးပါသော ထောက်ခံမဲတစ်မဲ ဆုံးရှုံးသွားဖွယ် ရှိနေသည်။ ဒူတာတေးအုပ်စုကမူ ၎င်းတို့၏ မဟာမိတ်များ နိုင်ငံရေးအရ ကွက်ကွက်ကွင်း ကွင်း ပစ်မှတ်ထား ဖမ်းဆီးခံနေရခြင်းဖြစ်သည်ဟု စွပ်စွဲထား သည်။           

   မနီလာမြို့ရှိ ဆီနိတ်လွှတ်တော်ဝန်းကျင်တွင် အဓိကရုဏ်း နှိမ် နင်းရေး အပါအဝင် ရဲတပ်ဖွဲ့ဝင် အင်အား ၆,၀၀၀ ကျော်ကို အရေးပေါ် ချထားရသည်။ လွှတ်တော်အပြင်ဘက်တွင် “ဆာရာကို ပြစ်ဒဏ်ချမှတ်ရေး” တောင်းဆိုသည့် ဆန္ဒပြသူများနှင့် ဒူတာတေးကို ထောက်ခံသူများအကြား ပဋိပက္ခမဖြစ်ပွားစေရန် ရဲ တပ်ဖွဲ့က အကာအကွယ်အတား အဆီးများဖြင့် ခွဲထုတ်ထားရသည်။            

    ယခုတရားစီရင်မှုတွင် ဒူတာတေး ပြစ်မှုထင်ရှားပါက ရာထူးမှ ဖယ်ရှားခံရမည့်အပြင်၊ မည်သည့် ပြည်သူ့ဝန်ထမ်းရာထူးကိုမဆို ထာဝရ ထမ်းဆောင်ခွင့် ပိတ်ပင်ခံရမည်ဖြစ်ရာ လက်ရှိ စစ်တမ်းများအရ ၂၀၂၈ သမ္မတလောင်း ရေပန်းအစားဆုံး ဖြစ်နေသည့် ဒူတာတေး၏ နိုင်ငံရေးခရီးလမ်းသည် လုံးဝနိဋ္ဌိတံသွားနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။                  

Telegram»…
https://t.me/positiveanglenews

#PAN