(နိုင်ငံတကာ) ဇူလိုင် ၆
တရုတ်နိုင်ငံဘက်က အဆိုပြုထားတဲ့ ဘင်္ဂလားဒေ့ရှ်- မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ (CBMEC) ကို အကောင်အထည်ဖော်ဖို့ သန္နိဋ္ဌာန်ချထားပြီဖြစ်တယ်လို့ တရုတ်နိုင်ငံဘက်က ပြောဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Tarique Rahman ရဲ့ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက သွားရောက်ခဲ့တဲ့ တရုတ်နိုင်ငံ ခရီးစဉ်ရလဒ်တွေနဲ့ ပတ်သက်ပြီး မီဒီယာတွေကို ရှင်းလင်းပြောကြားစဉ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Yao Wen က အဆိုပါအကြောင်းအရာကို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က အိန္ဒိယနိုင်ငံပါဝင်တဲ့ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်-မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ (BCIM) ကို ဖော်ဆောင်ဖို့ တရုတ်ဘက်က အဆိုပြုခဲ့ဖူးပေမယ့်လည်း ပထဝီနိုင်ငံရေးတွေအပေါ် အိန္ဒိယရဲ့ စိုးရိမ်မှုတွေကြောင့် ထိုစီမံကိန်းမှာ ရပ်တန့်နေခဲ့တာ ဖြစ်ပါတယ်။
အခုဖော်ဆောင်မယ့် စီးပွားရေးစင်္ကြံလမ်းဟာ ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသာမက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား ဖြစ်ပွားနေတဲ့ ဘင်္ဂါလီတွေ နေရပ်ပြန်ရေး လုပ်ငန်းစဉ်အတွက်ပါ ပိုမိုကောင်းမွန်တဲ့ တွန်းအားတစ်ရပ် ဖြစ်လာနိုင်တယ်လို့လည်း တရုတ်သံ အမတ်ကြီးက ခန့်မှန်းပြောဆိုထားပါတယ်။

#PAN