ဝေါမြို့နယ်တွင် ငွေကျပ်သိန်း ၁,၂၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိ

(မှုခင်း)အောက်တိုဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ဝေါမြို့နယ်တွင် ငွေကျပ်သိန်း ၁,၂၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိကြောင်း သိရသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်၅နာရီ၁၅မိနစ် အချိန်က ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် စိုင်းသိန်းဇော်(ခ)အိုက်နောင့် မောင်းနှင်လာသည့် HONDA INSIGHT အမျိုးအစား မော်တော်ယာဉ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၁.၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁,၂၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ နံနက်၁၀နါရီခွဲ အချိန်တွင် အဆိုပါ စိတ်ပြောင်းဆေးဝါး Happy Water များ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ စိုင်းဇင်မင်းထွေး(ခ)ရှန်ရှန် အား ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်တွင် လက်ကိုင်ဖုန်း ၂ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးမိသည့် တရားခံ စိုင်းသိန်းဇော်(ခ)အိုက်နောင့်(၂၈)နှစ် နှင့် စိုင်းဇင်မင်းထွေး(ခ)ရှန်ရှန်(၂၂)နှစ်တို့အား ဝေါမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN