
(ပြည်တွင်း) ဇူလိုင် ၃
နိုင်ငံတော်အတွင်း တီထွင်ဆန်းသစ်မှုနှင့် ဓနဥစ္စာဖန်တီးမှုများကို မြှင့်တင်ရန်အတွက် မူပိုင်ခွင့်(IP)စနစ် အကာ အကွယ်ပေးမှုများကို အရှိန်မြှင့်လုပ်ဆောင်ရန်နှင့် ဝန်ကြီး ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ၏ (၁/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ နန်းနီနီအေးက တိုက်တွန်းပြောကြားလိုက်သည်။
အဆိုပါအစည်းအဝေးကို မနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၌ ကျင်းပခဲ့သည်။
ဒုတိယသမ္မတ နန်းနီနီအေးက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် စက်မှုဒီဇိုင်း၊ ကုန်အမှတ်တံဆိပ်၊ တီထွင်မှုမူပိုင်ခွင့် (Patent) နှင့် စာပေနှင့်အနုပညာမူပိုင်ခွင့် (Copyright) ဆိုင်ရာ လျှောက်လွှာများကို လက်ခံစိစစ်မှတ်ပုံ တင်ပေးသည့် အခြေခံစနစ်များကို ခိုင်မာစွာ ထူထောင်ပြီးဖြစ် ကြောင်းနှင့် ၂၀၂၃-၂၀၂၈ အမျိုးသားမူပိုင်ခွင့်ဆိုင်ရာ မဟာဗျူ ဟာကို လက်တွေ့ကျကျ အကောင် အထည်ဖော်နေပြီ ဖြစ် ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် မူပိုင်ခွင့်ချိုးဖောက်မှုများကို ထိရောက်စွာ တားဆီးနိုင်ရန် သက်ဆိုင်ရာဌာနများအားလုံး မူပိုင်ခွင့်ဦးစီးဌာနနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် ညွှန်ကြားခဲ့သည်။
၂၀၂၅ ခုနှစ်တွင် ကျင်းပခဲ့သည့် ပထမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူပိုင်ခွင့်ညီလာခံမှ ရလဒ်များနှင့် အကြံပြုချက်များကို အခြေခံ၍ မြန်မာနိုင်ငံ၏ မူပိုင်ခွင့်ဥပဒေမူဘောင်ကို ပိုမိုခေတ်မီအောင် ဆက်လက်ပြင်ဆင်သွားမည်ဖြစ်သည်။ အထူး သဖြင့် ပြည်တွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) နှင့် လုပ်ငန်းရှင်များ မူပိုင်ခွင့်အခွင့်အရေးကို ပိုမိုနားလည်အသုံးချနိုင်စေရန်အတွက် ပြည်သူလူထု အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် ၎င်းက အလေးပေး ပြောကြားခဲ့သည်။
သုတေသနလုပ်ငန်းများနှင့် နည်းပညာလွှဲပြောင်းမှုများကို အထောက်အကူပြုနိုင်ရန် တက္ကသိုလ်များ၊ သုတေသနအဖွဲ့အစည်းများနှင့် MSME စီးပွားရေးလုပ်ငန်းများကို အား ကောင်းသော မူပိုင်ခွင့်ဂေဟစနစ် (IP Ecosystem) တစ်ခုတည်းအောက်တွင် စနစ်တကျ ချိတ်ဆက်ပေးရန် လိုအပ် ကြောင်း အစည်းအဝေးတွင် အလေးအနက် ထည့်သွင်းဆွေး နွေးခဲ့သည်။ ပြည်သူများအနေဖြင့် နည်းပညာနှင့် တီ ထွင်ဆန်းသစ်မှု ထောက်ပံ့ကူညီရေးစင်တာများ (TISCs) သို့ ပိုမိုဝင်ရောက်အသုံးပြုနိုင်စေရန်နှင့် မူပိုင်ခွင့်စနစ်မှတစ်ဆင့် မြန်မာ့ဒေသထွက်ကုန်ပစ္စည်းများကို ကာကွယ်မြှင့်တင်သွားရန်လည်း နှိုးဆော်ခဲ့သည်။
မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်း မူပိုင်ခွင့်လုပ်ငန်းစီမံချက်များကို ဖော်ဆောင်နေသကဲ့သို့ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO) က စီမံခန့်ခွဲသည့် နိုင်ငံတကာ မူပိုင်ခွင့်စာချုပ်များနှင့် ကွန်ဗင်းရှင်းများတွင် ပါဝင်နိုင်ရန် ဆက်လက်ပြင်ဆင်လျက်ရှိရာ ယင်းက မြန်မာ့မူပိုင်ခွင့်စနစ်ကို ကမ္ဘာ့စံနှုန်းများနှင့် ပေါင်းစည်းသွားစေမည်ဖြစ်သည်။
အဆိုပါအစည်းအဝေးသို့ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးထွန်းအုန်း၊ ဒုတိယဝန်ကြီးများနှင့် ကော်မတီဝင်ပညာရှင်များ တက်ရောက်ခဲ့ကြပြီး ရှေ့ဆက်လုပ်ဆောင်မည့် IP ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အမြင်ချင်းဖလှယ် ဆွေး နွေးခဲ့ကြကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN