တရားရုံးချုပ်အနီး လူစည်ကားရာ ကော်ဖီဆိုင်တွင် ဗုံးပေါက်ကွဲ၊ အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ

(နိုင်ငံတကာ) ဇူလိုင် ၂ 

    ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်(Damascus) မြို့လယ် ရှိ လူစည်ကားရာ ကော်ဖီဆိုင်တစ်ဆိုင်အတွင်း၌ ယနေ့မွန်းလွဲပိုင်းက ပြင်းထန်သော ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်း ဆုံး လူငါးဦး သေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယား ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။                  

     ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် မွန်းလွဲ ၃:၂၄ နာရီခန့်တွင် အယ်လ်-မာဂျာ (al-Marjah) ခရိုင်၊ အယ်လ်-နာဆာ (al-Nasser) လမ်းပေါ်ရှိ ကော်ဖီဆိုင်တစ်ဆိုင်အတွင်း၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါလမ်းသည် သမိုင်းဝင် ဟာမစ်ဒီယာပ်စျေး (Hamidiyeh Market) သို့ ဦးတည်ထားပြီး၊ ယခင်အစိုးရအဖွဲ့ဝင်ဟောင်းများကို တရားစီရင်လေ့ရှိသည့် တရားရုံး ချုပ် (Palace of Justice)နှင့် အလွန်နီး ကပ်သောကြောင့် မြို့တော်၏ လူအစည်ကားဆုံးနှင့် လုံခြုံ ရေးအကဲဆတ်ဆုံး နေရာတစ်ခုလည်း ဖြစ်သည်။     


    ဆီးရီးယား နိုင်ငံပိုင်ရုပ်သံလိုင်း၏ ဖော်ပြချက်အရ အဆိုပါပေါက်ကွဲမှုမှာ ကော်ဖီဆိုင်အတွင်း ကြိုတင်ထောင် ထားသည့် ဖောက်ခွဲရေးပစ္စည်း (Explosive Device) ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုထားသည်။ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် ဓာတ်ပုံများနှင့် ဗီဒီယိုမှတ်တမ်းများ၌ ကော်ဖီဆိုင်တစ်ခုလုံး ပြင်းထန်စွာ ပျက်စီးသွားပြီး ကြမ်းပြင်ပေါ်တွင် သွေး ကွက်များ ပေကျံနေသည်ကို စိတ်မကောင်းဖွယ် မြင်တွေ့ရသည်။                  

     အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသည့် အယ်လ်ဂျာဇီးယား (Al Jazeera) သတင်းထောက် မီလတ် ဖာဒယ်လ် (Milad Fadl)က “ပေါက်ကွဲမှုဖြစ်ပြီးချင်းမှာပဲ လူနာတင် ယာဉ်တွေ မရောက်လာခင် အနီးနားက ဒေသခံတွေက ဒဏ်ရာရသူတွေကို ရှေးဦးသူနာပြုစုနည်းတွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြပါတယ်။ ဥဩဆွဲသံတွေနဲ့အတူ လူနာတင် ယာဉ်တွေဟာ ယာဉ်ကြောပိတ်ဆို့မှုတွေကြားက ဖြတ်သန်းမောင်းနှင်ခဲ့ရပါတယ်” ဟု အခြေအနေကို တင်ပြခဲ့သည်။

    လက်ရှိတွင် ဒုတိယအကြိမ် ထပ်မံဖောက်ခွဲမှု (Secondary Explosion) ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဆီးရီးယားလုံခြုံရေးတပ်ဖွဲ့များက အဆိုပါဒေသတစ်ခုလုံးကို ဝိုင်းရံပိတ်ဆို့ (Cordoned off)ထားပြီး၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဆီးရီးယားသတင်းဌာန SANA တို့က တရားခံကို ဖော်ထုတ်နိုင်ရန် သက်သေအထောက်အထားများ စုဆောင်းကာ စုံစမ်းစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေသည်။

     ဒမတ်စကပ်စ်မြို့ အုပ်ချုပ်ရေးမှူး မာဟာ မာဝမ် (Maher Marwan) က အခင်းဖြစ်ပွားရာနေရာအနီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မြို့တော်၏ လုံခြုံရေးမှာ လပိုင်းအတွင်း တိုးတက်ကောင်းမွန်လာသော်လည်း အပြည့်အဝတည် ငြိမ်ရန် အချိန်ယူရဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။           

    “ဆီးရီးယားနိုင်ငံဟာ တည်ငြိမ်မှု ပိုရလေလေ၊ ဒါကို ဖျက်ဆီးချင်တဲ့သူတွေ ပိုများလာလေလေပါပဲ။ ဆီးရီးယားပြည်သူတွေရဲ့ သွေးကို စီးဆင်းစေခဲ့တဲ့သူတွေ ပြန်လည်ပေးဆပ်ရပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး တစ်စိတ်တစ်ဝမ်းတည်း ရှိနေသရွေ့ ဒါက ဆီးရီးယားအစိုးရကို လှုပ်ခါနိုင်မှာမဟုတ်ပါဘူး” ဟု ၎င်းက ပြတ်ပြတ်သားသား ပြောကြားသွားခဲ့သည်။                 

Telegram»…
https://t.me/positiveanglenews

#PAN