
(ပြည်တွင်း) ဇူလိုင် ၂
မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားမဝင်ကုန်သွယ်မှုနှင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) တိုက်ဖျက်ရေး အပါအဝင် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် (၃၈)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီ(Regional Border Committee – RBC) အစည်း အဝေးသို့ တက်ရောက်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး ဝါရာသတ်ပ် ဘွန်ယာ (Lt-Gen Warathep Boonya) ဦးဆောင်သော ထိုင်းဘုရင့်တပ်မတော် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ လက်ခံတွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် နှစ်နိုင်ငံစစ်ဘက်ခေါင်းဆောင်များ သည် မြန်မာနိုင်ငံ၌ (၃၈) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသန္တရနယ်စပ်ကော်မတီအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေများနှင့် တပ်မတော်နှစ်ရပ်အကြား ကာလရှည်ကြာတည်ရှိခဲ့သော ချစ်ကြည်ရင်းနှီးမှုများကို ပိုမိုခိုင်မာအောင် လုပ် ဆောင်မည့် အစီအမံများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ အထူးသဖြင့် နယ်စပ်ဒေသများတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို မြှင့်တင်ရန်အတွက် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် သဘောတူညီခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား နယ်စပ်ဖြတ်ကျော် တရားမဝင်ကုန်သွယ်မှု၊ မူးယစ်ဆေးဝါးမှောင်ခိုကူးမှု၊ ဒေသတွင်း ဆိုးရွားလှသည့် အွန်လိုင်းလိမ် လည်မှု (ကျားဖြန့်) လုပ်ငန်းများနှင့် တရားမဝင်လောင်း ကစားလုပ်ငန်းများကို ထိရောက်စွာ ပူးပေါင်းတိုက်ဖျက်သွားမည့် ကိစ္စရပ်များကို အလေးအနက်ထား ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
မြန်မာတပ်မတော်ဘက်က ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က မန္တလေးငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့စဉ်အတွင်း ထိုင်းနိုင်ငံဘက်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် ကယ်ဆယ်ရေးအဖွဲ့များ စေ လွှတ်ပေးခဲ့မှုအပေါ် အထူးကျေးဇူးတင်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဆက်လက်၍ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးခရီး စဉ်များ၊ ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့များ၊ အားကစားအသင်းများနှင့် စစ်ဘက်သင်တန်းသားများ အပြန်အလှန် စေ လွှတ်လဲလှယ်ရေး ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးနှင့်အတူ ထိုင်းဘုရင့်သံရုံးမှ ယာယီသံမှူးနှင့် ထိုင်းဘုရင့်တပ်မတော်မှ စစ်ဘက်အရာရှိကြီးများ အသီးသီး တက်ရောက်ခဲ့ကြသည်။
Telegram»…
https://t.me/positiveanglenews
#PAN