ဘယ်လ်ဂျီယမ် အန့်တွပ်မြို့ရှိ ၁၀ ထပ်ပါ အပါတ်မန့်အဆောက်အအုံတွင် ပြင်းထန်မီးလောင်မှုဖြစ်ပွား၊ လူအများအပြား သေဆုံးပြီး ခက်ခဲသော အခြေအနေများကြားမှ မီးငြှိမ်းသတ်နေရ

(နိုင်ငံတကာ) ဇူလိုင် ၁ 

    ဘယ်လ်ဂျီယမ်နိုင်ငံ မြောက်ပိုင်း အန့်တွပ် (Antwerp) မြို့ရှိ လူဦးရေ ၂၀၀ ကျော် နေထိုင်ရာ အထပ်မြင့် လူနေအပါတ်မန့် အဆောက်အအုံတစ်ခုတွင် ပြင်းထန်သော မီးလောင်မှုတစ်ရပ် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ရာ လူအများအပြား သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း အာဏာပိုင်များက ထုတ်ပြန်လိုက်သည်။

     အန့်တွပ်မြို့အရှေ့ပိုင်း လင်ကီရိုးဗာ (Linkeroever) နယ် မြေရှိ ၁၀ ထပ်ပါ လူနေအပါတ်မန့်အဆောက်အအုံ၏ အဋ္ဌမထပ်တွင် “ပြင်းထန်သော မီးလောင်မှု” ဖြစ်ပွားနေကြောင်း ဒေသခံမီးသတ်ဌာနထံသို့ ဗုဒ္ဓဟူးနေ့ နံနက် ၉:၅၃ နာရီဝန်းကျင်တွင် အရေးပေါ် ဖုန်းဖြင့်သတင်းပို့ချက် ရရှိခဲ့ခြင်းဖြစ်သည်။ သတင်း ရရှိခြင်းနှင့်အတူ မီးသတ်တပ်ဖွဲ့အများအပြား၊ လူနာတင်ယာဉ်များနှင့် အရေးပေါ် ကယ် ဆယ်ရေးအဖွဲ့များ အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်း အပြေးအလွှား သွားရောက်ခဲ့ကြသည်။    

    မီးလောင်မှုသည် အရှိန်အဟုန် အလွန်ပြင်းထန်ပြီး အဆောက် အအုံအတွင်း၌ မီးခိုးများ အလွန်အမင်း ထူထပ်ကာ မြင်ကွင်းကွယ်နေသည့်အတွက် မီးသတ်သမားများအနေဖြင့် မီးငြှိမ်းသတ်ရန်နှင့် လူရှာဖွေကယ်ဆယ်ရန် အလွန်ရှုပ်ထွေးခက်ခဲသော အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရသည်။

     အန့်တွပ်မီးသတ်ဇုန်၏ ပြောရေးဆိုခွင့်ရှိသူ မာရီ ဒီ ကလပ်ခ် (Marie De Clercq) က “ဒါဟာ အဆောက်အအုံအတွင်းထဲမှာ မြင်ကွင်းကွယ်တာ၊ မီးခိုးတွေ အလွန်အမင်းထူထပ်တာတွေကြောင့် အလွန်ရှုပ်ထွေးခက်ခဲတဲ့ မီးလောင်မှုမျိုးဖြစ်ပြီး မီးငြှိမ်းသတ်ဖို့ ပိုပြီးခက်ခဲစေပါတယ်” ဟု အတည်ပြုပြောကြားခဲ့သည်။

     လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် မှတ်တမ်းဗီဒီယိုများအရ အထပ်မြင့်တွင် ပိတ်မိနေသည့် အမျိုးသားတစ်ဦးသည် မီးခိုးမွှန်ခြင်းမှ သက်သာရန်အတွက် ဝရန်တာအပြင်ဘက်သို့ ကိုယ်ကိုတွဲလောင်းဆွဲကာ လေကောင်းလေသန့်ရရှိရန် ကြိုးပမ်းနေပြီး အနီးနားရှိ ပြတင်းပေါက်တစ်ခုဆီသို့ ရုန်းကန်ကူးပြောင်းနေသည်ကို စိတ်မကောင်းဖွယ် တွေ့ရှိခဲ့ရသည်။


အန့်တွပ်မြို့တော်ဝန်ဟောင်းလည်းဖြစ်သူ ဘယ်လ်ဂျီယမ်ဝန် ကြီးချုပ် ဘတ် ဒီ ဝီဗာ (Bart De Wever) က ၎င်း၏ လူမှုကွန် ရက်စာမျက်နှာမှတစ်ဆင့် “ကျွန်တော့်ရဲ့ စိတ်အစဉ်ဟာ လင်ကီရိုးဗာက ဆိုးရွားလှတဲ့ မီးလောင်မှုအတွင်း ခံစားခဲ့ရသူတွေ၊ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတဲ့ နေထိုင်သူတွေနဲ့အတူ ရှိနေပါတယ်” ဟု ဝမ်းနည်းစကားဆိုခဲ့ပြီး ထိခိုက်ခံစားရသူများကို တတ်နိုင်သမျှ အမြန်ဆုံးနှင့် ဘေးကင်းလုံခြုံစွာ ကူညီပေးနိုင်ရန် စွမ်းစွမ်းတမံ ကြိုးပမ်းနေကြသည့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကို အထူးပင် လေးစားအသိအမှတ်ပြုကြောင်း ထည့် သွင်းပြောကြားခဲ့သည်။

     မီးလောင်မှုဖြစ်ပွားရာ လင်ကီရိုးဗာ (Linkeroever) နယ် မြေသည် မြင့်မားသော လူနေအပါတ်မန့်အဆောက် အအုံကြီးများ တည်ရှိပြီး နွေရာသီပြင်ပဂီတဖျော်ဖြေပွဲများ ကျင်းပလေ့ရှိသည့် အဓိကပန်းခြံကြီးတစ်ခုနှင့် ထိစပ်နေသော သာယာသည့် လူနေအိမ်ခြေအများအပြားရှိသည့် နယ်မြေတစ်ခုဖြစ်ကာ လက် ရှိတွင် မီးလောင်ရသည့် အကြောင်းရင်းကို အာဏာပိုင်များက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

#PAN