
(နိုင်ငံတကာ) ဇူလိုင် ၁
ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း လာဟိုး (Lahore) မြို့ရှိ ကျူရှင်သင်တန်းကျောင်း တစ်ကျောင်းတွင် အဆောက်အအုံအမိုး ပြိုကျမှုဖြစ်ပွားခဲ့ရာ အသက် ၄ နှစ်မှ ၁၂ နှစ်ဝန်းကျင်အရွယ်ရှိ ကျောင်းနေအရွယ် ကလေးငယ် အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ဆေးဘက်ဆိုင်ရာ တာဝန် ရှိသူများက ထုတ်ပြန်လိုက်သည်။
ယခုဖြစ်စဉ်သည် လာဟိုးမြို့ ကာနာ(Kahna) အခြေစိုက် သက်တမ်းရင့် အဆောက်အအုံဟောင်းတစ်ခုတွင် ဖွင့်လှစ်ထားသည့် ကျူရှင်ကျောင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မျက်မြင်သက် သေများ၏ အဆိုအရ အလုပ်သမားများသည် အဆောက်အအုံပေါ်တွင် ကြွေပြားများ ပြုပြင်လဲ လှယ်နေစဉ် ဆောက်လုပ်ဆဲဖြစ်သော ဒုတိယထပ်၏ အမိုးသည် အရည်အသွေး ညံ့ဖျင်းမှုကြောင့် ရုတ်တရက် ပြိုကျပျက်စီးသွားခဲ့ပြီး အောက်ထပ်တွင် စာသင်နေသည့် ကလေးငယ်များကို ပိမိသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ မတော်တဆမှုကြောင့် ဆရာတစ်ဦးနှင့် အခြားကလေးငယ် ၈ ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သဖြင့် အနီးရှိဆေးရုံတွင် အရေးပေါ်ဆေးကုသမှု ခံယူနေရသည်။ အပျက် အစီးများအောက်တွင် အခြားကလေးငယ်များ ပိတ်မိနေနိုင်သေးသဖြင့် ယူနီဖောင်းဝတ် ကယ်ဆယ်ရေးသမားများနှင့် ဒေသခံအရပ်သားများသည် ဂေါ်ပြားများ၊ လက်များဖြင့် မြေ ကြီးနှင့် အုတ်ပုံများကို အပြင်းအထန် တူးဆွကာ ရှာဖွေရေးလုပ် ငန်းများ ဆက်လက်လုပ်ဆောင်နေကြသည်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ် (Shehbaz Sharif) က “တန်ဖိုးရှိတဲ့ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့အပေါ် အလွန်အမင်း ဝမ်းနည်းကြေကွဲရပါကြောင်း” ထုတ်ပြန်ခဲ့ပြီး ဒဏ်ရာရရှိသူများကို အကောင်းဆုံး ဆေးကုသမှုပေးရန် ညွှန်ကြားထားသည်။ အာဏာပိုင်များက ယခုဖြစ် စဉ်အတွက် တာဝန်ရှိသည့် ကျူရှင်ကျောင်းပိုင်ရှင်နှင့် အခြားလူတစ်ဦးကို ချက်ချင်း ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးမှုများမှတစ်ဆင့် ပြစ် ဒဏ်ချမှတ်သွားမည်ဟု ဆို သည်။
ပါကစ္စတန်နိုင်ငံတွင် ဘေးကင်းလုံခြုံရေး စံနှုန်းများအားနည်းခြင်း၊ အဂတိလိုက်စားမှုများနှင့် စံမမှီသော ဆောက်လုပ်ရေးပစ္စည်းများကို အသုံးပြုခြင်းတို့ကြောင့် အဆောက်အအုံနှင့် အမိုးပြိုကျမှုများမှာ အလွန်ပင် မကြာ ခဏ ဖြစ်ပွားလေ့ရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လကလည်း ကရာချိမြို့ရှိ ငါးထပ်အဆောက်အအုံတစ်ခု ပြိုကျမှုကြောင့် လူပေါင်း ၂၇ ဦးအထိ သေဆုံးခဲ့သည့် သမိုင်းဆိုးများ ရှိခဲ့သည်။
Telegram»…
https://t.me/positiveanglenews
#PAN