
(ပြည်တွင်း) ဇွန် ၂၉
ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦးမှာ ရိုက်နှက်ခံရပြီး ဆိုင်ကယ်နဲ့ လက်ကိုင်ဖုန်းကို ဓားပြတိုက်ယူသွားတဲ့ ဖြစ်စဉ်တစ်ခုဟာ ရှမ်းပြည်နယ် (အရှေ့) ကျိုင်းတုံမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ ည ၁၀ နာရီခန့်က ကျိုင်းတုံမြို့နယ် ကျိုင်းကာကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး စီးလာတဲ့ ဆိုင်ကယ်ကို အမျိုးသား ၄ ဦးက ဆိုင်ကယ်နောက်ကလိုက်လာပြီး ရပ်တန့်ခိုင်းကာ ရိုက်နှက် လုယူသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရိုက်နှက်ခံရမှုကြောင့် အဆိုပါအမျိုးသားမှာ ခြေထောက်၊ ဦးခေါင်းနဲ့ နောက်ကျောတွေမှာ ဒဏ်ရာရရှိခဲ့တာကြောင့် ကျိုင်းတုံပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံနေရတယ်လို့ ရှမ်းပြည်နယ်အခြေစိုက် မီဒီယာတွေမှာ ရေးသားထားပါတယ်။
ရိုက်နှက်ခံရမှုကို သက်ဆိုင်ရာမှာ အမှုဖွင့်တိုင်ကြားထားပေမယ့် ဒီကနေ့အထိ ဓါးပြတိုက်သူတွေကို ဖမ်းဆီးနိုင်ခဲ့တာ မရှိသေးဘူးလို့လည်း အဆိုပါမီဒီယာတွေရဲ့ ရေးသားချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့က ကျိုင်းတုံမြို့က ရွှေဆိုင်ပိုင်ရှင်တစ်ဦး ဓါးပြတိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ် ရှိခဲ့သလို အဆိုပါ လူသတ်မှုက တရားခံတွေကိုလည် ဖမ်းဆီးအရေးယူနိုင်တာတွေ မရှိသေးဘူးလို့လည်း သိရပါတယ်။