ပြင်သစ်နိုင်ငံတွင် လေထီးခုန်ဝါသနာရှင်များ လိုက်ပါလာသည့် လေယာဉ်တစ်စင်း လူနေအိမ်ရာအနီး ပျက်ကျ၊ အနည်းဆုံး ၁၁ ဦး သေဆုံး 

(နိုင်ငံတကာ) ဇွန် ၂၈  

   ပြင်သစ်နိုင်ငံ အရှေ့ပိုင်း မာ့တ်အွန်မိုဇဲလ် (Meurthe-et-Moselle) စီရင်စု၊ တွန်ဘလိန်း (Tomblaine) မြို့ရှိ လူနေထူ ထပ်သော ရပ်ကွက်တစ်ခုနှင့် ဈေးဝယ်စင်တာအနီးတွင် လေထီးခုန်ဝါသနာရှင်များ တင်ဆောင်လာသည့် အရပ်ဘက်လေယာဉ်တစ်စင်း မတ်စောက်စွာ ထိုးဆင်းပျက်ကျခဲ့သဖြင့် လေယာဉ်မှူး အပါအဝင် လေယာဉ်ပေါ်ပါလာသူ ၁၁ ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ဒေသခံအာဏာပိုင်များက အတည်ပြုပြောကြားသည်။

    အဆိုပါ လေယာဉ်သည် ဒေသတွင်း လေထီးခုန်သင်တန်းကျောင်းတစ်ခုမှ ဖြစ်ပြီး နန်စီ-အက်ဆေး (Nancy-Essey) လေယာဉ်ကွင်းမှ ပျံတက်ခဲ့ပြီးနောက် တနင်္ဂနွေနေ့ ဒေသစံတော် ချိန် နံနက် ၁၁ နာရီတွင် ပျက်ကျခဲ့ခြင်းဖြစ် သည်။

    ယခုဖြစ်စဉ်ကြောင့် လေယာဉ်မှူးအပြင် လေထီးခုန်သင်တန်း သား ၅ ဦးနှင့် သင်တန်းနည်းပြ ၅ ဦး စုစုပေါင်း ခရီးသည် ၁၀ ဦးစလုံး သေဆုံးခဲ့ရသည်။ ထူးခြားချက်မှာ သေဆုံးသွားသည့် လေထီးခုန်ဝါသနာရှင် အရပ်သားများအနက် ထက်ဝက်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ကြသည့် သူနာပြုများဖြစ်ကြကြောင်း ဒေသဆိုင်ရာ လွတ်လပ်သောသူနာပြုများအဖွဲ့က ထုတ်ပြန်ထားသည်။

     မာ့တ်အွန်မိုဇဲလ်စီရင်စု၏ စီရင်စုမင်းကြီး အီးဗ်စ် ဆီဂွေး (Yves Seguy)၏ ပြောကြားချက်အရ လေယာဉ်သည် လေယာဉ်ကွင်း၏ အစွန်းနားရှိ လူနေအိမ်ရာဝင်းတစ်ခုနှင့် ကပ်လျက်နေရာသို့ ဒေါင်လိုက်နီးပါး ထိုးဆင်းပျက်ကျခဲ့ခြင်း ဖြစ် သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် မြေပြင်ရှိ လမ်းသွားလမ်းလာနှင့် အနီးနားရှိ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံ တစ်ရာ မရှိခဲ့ပေ။ အဆိုးရွားဆုံးမှာ လေယာဉ်ပျက်ကျချိန်တွင် သေဆုံးသူများ၏ မိသားစုဝင်အချို့သည် လေယာဉ်ကွင်း၌ ကိုယ် တိုင်ရှိနေခဲ့ကြသဖြင့် အဆိုပါ ကြောက်မက်ဖွယ် မြင်ကွင်းကြောင့် မိသားစုဝင်များမှာ များစွာစိတ်ထိခိုက် တုန်လှုပ်နေကြရသည်။       

    ပြင်သစ်သယ်ယူပို့ဆောင်ရေးဝန်ကြီး ဖိလစ် တာဘာရော့ (Philippe Tabarot)က ယခုဖြစ်စဉ်ကို “ကြောက်မက်ဖွယ်ကောင်းသော အံ့သြစရာအဖြစ်ဆိုး” ဟု ဝမ်းနည်းစကားဆိုခဲ့ပြီး ၎င်းနှင့်အတူ ပြည်ထဲရေးဝန်ကြီး လော်ရင့် နူးညက်ဇ် (Laurent Nunez)တို့သည် အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်း သွား ရောက်ခဲ့ကြသည်။                  

     လတ်တလောတွင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များက ပျက်ကျရာမြေပြင်၌ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး၊ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ အဟန့်အတားမရှိ စစ်ဆေးနိုင်ရန် လေဆိပ်ပတ်ဝန်းကျင်သို့ ပြည်သူများ သွား ရောက်ခြင်းမပြုရန် ပြတ်ပြတ်သားသား တားမြစ်ပိတ်ဆို့ထား သည်။

Telegram»…
https://t.me/positiveanglenews

#PAN