အမေရိကန်၏ ဗုံးကြဲမှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်က ကူဝိတ်နှင့် ဘာရိန်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ဒုံးကျည်များဖြင့် စတင်တိုက်ခိုက်၊ ရက် ၆၀ အပစ်ရပ် MoU ပျက်ပြယ်လုနီးပါး ဖြစ်လာ

(နိုင်ငံတကာ) ဇွန် ၂၈  

   အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအရ ဗုံးကြဲတိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အီရန်အစ္စလာမ်မစ်တော် လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC)က အိမ်နီးချင်း ကူဝိတ်နှင့် ဘာရိန်းနိုင်ငံတို့ရှိ အမေရိကန်စစ်ဘက်စခန်းများကို ဘဲလစ်စတစ်ဒုံးကျည်များနှင့် ဒရုန်းများဖြင့် တနင်္ဂနွေနေ့တွင် ဆင့် ကဲတိုက်ခိုက်လိုက်သဖြင့် ယခုလအတွင်း ရရှိထားသည့် ပျက်စီးလွယ်သော ရက်ပေါင်း ၆၀ အပစ်အခတ်ရပ်စဲရေး နားလည်မှုစာချွန်လွှာ (MoU) မှာ ပြိုလဲပျက်ပြယ်လုနီးပါး အခြေအနေသို့ ဆိုက်ရောက်သွားပြီဖြစ်သည်။     

     အီရန်စစ်ဘက် (IRGC)၏ အတည်ပြုချက်အရ ၎င်းတို့ သည် ကူဝိတ်နိုင်ငံရှိ အမေရိကန်၏ အလီအယ်လ်ဆလမ် (Ali Al Salem) လေတပ်စခန်းနှင့် ဘာရိန်းနိုင်ငံ ဆလ်မန်ဆိပ်ကမ်း (Port Salman) တွင် အခြေစိုက်ထားသည့် အမေရိကန် ပဉ္စမရေတပ်ဖွဲ့တို့ကို ပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    စနေနေ့ညပိုင်းက အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က အီရန်တောင်ပိုင်း ဆီရစ်ခ်၊ ဘန်ဒါအာဘတ်စ်လင်ဂါနှင့် ကွက်ရှ်မ်ကျွန်းတို့ရှိ အီရန်စစ်ဘက်စောင့်ကြည့်ရေးစနစ် ပစ်မှတ် ၁၀ ခုကို ဝေဟင်နှင့် ရေပြင်မှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းအပေါ် အီရန်ဘက်က ယခုကဲ့သို့ ဒေသတွင်းရှိ အမေရိကန်စခန်းများကို တိုက်ရိုက်လက်စားချေ တုံ့ပြန်လာခြင်း ဖြစ်သည်။               

     တိုက်ခိုက်ခံရသည့် ဘာရိန်းနိုင်ငံက ယခုလုပ်ရပ်သည် မိမိတို့၏ အချုပ်အခြာအာဏာကို ချိုးဖောက်ပြီး ဒေသတွင်း တည် ငြိမ်ရေးအခွင့်အလမ်းကို ဖျက်ဆီးခြင်းဖြစ် ကြောင်း ရှုတ်ချခဲ့ပြီး၊ ကူဝိတ်နိုင်ငံကလည်း အီရန်၏ စက်ဆုပ်ဖွယ်ရန်စမှုဟု ခေါ်ဆိုကာ ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။

    ထို့ပြင် ဂျော်ဒန်၊ ကာတာနှင့် အာရပ်စော်ဘွားများပြည်ထောင် စု (UAE) တို့ကလည်း အီရန်၏ လုပ်ရပ်သည် နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂပဋိညာဉ်ကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ကာ အန္တရာယ်ရှိသော စစ်ရေးတင်း မာမှုကို ဖြစ်စေကြောင်း အသီးသီး သဘောထားထုတ်ပြန်ခဲ့ကြသည်။ အိမ်နီးချင်း အိုမန်နိုင်ငံကမူ အဖွဲ့အစည်းအားလုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန်နှင့် သံတမန်ရေးရာကို ဦးစားပေးရန် တောင်းဆိုထားသည်။      

     ဗဟိုချက်မမှာ ကမ္ဘာ့ရေနံ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို မည်သူထိန်းချုပ်မည်နည်း ဟူသော အချက်ဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တီဟီရန်သည် ဇွန် ၁၇ ရက်က ချုပ်ဆိုထားသည့် MoU ကို ချိုးဖောက်နေပြီဖြစ်ကြောင်း စနေနေ့နှောင်းပိုင်းတွင် သတိပေးခဲ့ပြီး “ဆင်ခြင်တုံတရားနဲ့ ဆက်သည်းခံဖို့ မဖြစ်နိုင်တော့ရင် စစ်ရေးအရ အပြီးသတ် ချေမှုန်းရလိမ့်မယ်၊ အဲဒီလိုဖြစ်လာရင် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံဆိုတာ ကမ္ဘာပေါ်မှာ ရှိတော့မှာ မဟုတ်ဘူး” ဟု လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။       

     တစ်ဖက်တွင်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီက ဟော်မုဇ်ရေလက်ကြားသည် လာမည့် ရက်ပေါင်း ၃၀ စလုံး အီရန်၏ အပြည့်အဝ စောင့်ကြည့်စီမံမှုအောက်တွင်သာ ရှိနေမည်ဖြစ်ပြီး မည်သည့် တတိယအဖွဲ့အစည်းမျှ ကြားဝင်စွက်ဖက်ခွင့်မရှိကြောင်း၊ MoU ပါ ကတိကဝတ်များကို မလေးစားပါက အားလုံးပျက်ပြားသွားမည်ဖြစ်ကြောင်း အီရတ်နိုင်ငံခရီးစဉ်အတွင်း တန်ပြန်သတိ ပေးခဲ့သည်။

     ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့သည့် အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲကို ခေတ္တရပ်ဆိုင်းရန် ပြီးခဲ့သည့် ရက် ပိုင်းကမှ ရက် ၆၀ အပစ်ရပ် MoU လက်မှတ်ရေးထိုးခဲ့သော် လည်း၊ လက်ရှိတွင် နှစ်ဖက်စလုံး စစ်ရှိန်မြှင့်လာနေသည်။

    စစ်ရေးအကဲဖြတ် ဝုဖ်ဂန်း ပွတ်စတိုင်း (Wolfgang Pusztai) က “နှစ်ဖက်စလုံးက စစ်ကြီးဖြစ်ဖို့ မရည်ရွယ်ပေမယ့်၊ အာရပ်ပင်လယ်ကွေ့နိုင်ငံတွေက အမေရိကန်စခန်းတွေမှာ စစ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးတာမျိုး၊ ဒါမှမဟုတ် လူနေရပ်ကွက်တွေ ထိမှန်တာမျိုး ဖြစ်လာရင်တော့ ဒီပဋိပက္ခဟာ အလွယ်တကူပဲ ထိန်းမနိုင်သိမ်းမရ အခြေအနေကို ရောက်သွားနိုင်တယ်” ဟု သုံးသပ်သတိပေးထားသည်။

Telegram»…
https://t.me/positiveanglenews

#PAN