
(ပညာရေး) ဇွန် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီတွင် အထက(၁) စာစစ်ဌာန၌ ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၁၇ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် အထက(၁) စာစစ်ဌာနတွင် ကျောင်းတွင်းနှင့် ပြင်ပဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၈၉ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်သူ ၁၁၇ ဦးရှိသဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၀ ဒသမ ၄၈ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထို့ပြင် နောင်ချိုမြို့နယ်၏ ဂုဏ်ထူးရရှိမှုအခြေအနေအရ (၅) ဘာသာစုံဂုဏ်ထူးရှင် ၂ ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် ၄ ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် ၁၃ ဦးနှင့် (၁) ဘာသာဂုဏ်ထူးရှင် ၁၉ ဦး ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နောင်ချိုမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများ၏ အောင်မြင်မှုနှင့် ဂုဏ်ထူးရရှိမှုများမှာ ယခင်နှစ်များထက် တိုးတက်မှုရှိကြောင်း သိရသည်။