
(မှုခင်း) ဇွန် ၂၅
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇွန်လ ၁၅ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာအနီး ပြည် – ဥသျှစ်ပင်သွားကားလမ်းတွင် ကိုကိုလွင်(ခ)ကိုကြီး မောင်းနှင်လာသော MITSUBISHI အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၁၄ သိန်း ဖမ်းဆီးရမိခဲ့ပါသည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဇွန်လ ၁၆ ရက်နေ့ ည ၇ နာရီခွဲအချိန် စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ သန်းစိုး အား မှော်ဘီမြို့နယ်၊ ပိန္နဲကုန်းကျေးရွာတွင် စိတ်ကြွဆေးပြား ၂၅,၀၀၀ ပြား၊ ဆိုင်ကယ် ၁ စီးတို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် ဒေသတန်ဖိုးငွေကျပ် ၂ ဒသမ ၁၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၄ ဒသမ ၂၅ သိန်းအား ဖမ်းဆီးရမိခဲ့ပါသည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား အဓိကသယ်ဆောင်ခိုင်းသူမှာ မှော်ဘီမြို့နယ်၊ အေးမေတ္တာကျေးရွာနေ ညီညီလွင်(ခ)ကိုညီ(ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး ၎င်း၏စီမံမှုဖြင့် ဆင်ပေါင်ဝဲမြို့နယ်၊ ငါးရံ့ချောင်းကျေးရွာနေ ဇင်ကိုလတ်(ဖမ်းဆီးရန်ကျန်)နှင့် ညောင်ဦးမြို့နယ်၊ နတ်ပလင်ကျေးရွာနေ မင်းခန့်စိုး(ဖမ်းဆီးရန်ကျန်)တို့မှ ပြည်မြို့တွင် တစ်ဆင့်လွှဲပြောင်းပေးခဲ့ကြောင်းသိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းသိရသည်။
#PAN