မဟာဗျူဟာမြောက် ကလေးဝ-ယာကြီး-မုံရွာ လမ်းပိုင်းကို ပြန်လည်စိုးမိုးရန် တပ်မတော်စစ်ကြောင်းများ အရှိန်မြှင့်ဆောင်ရွက်၊ မြန်မာ-အိန္ဒိယ အဝေးပြေးလမ်းမကြီး ပြန်လည်ဖွင့်လှစ်နိုင်ရေး နယ်မြေရှင်းလင်းမှုများ ပြုလုပ်နေ

(ပြည်တွင်း) ဇွန် ၂၅                                 

     မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတွင် မဟာဗျူဟာမြောက် အချက်အချာကျသော ကလေးဝ-ယာကြီး-မုံရွာ လမ်းမကြီးကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက ဇွန်လဆန်းပိုင်းမှစတင်ကာ နယ် မြေစိုးမိုးရေးနှင့် လုံခြုံရေးစစ်ဆင်ရေးများကို အရှိန်မြှင့် ဆောင် ရွက်လျက်ရှိကြောင်း တရားဝင်သတင်းထုတ်ပြန်ချက်များအရ သိရသည်။            

   အဆိုပါလမ်းကြောင်းသည် ဒေသတွင်း ပူးပေါင်းအကြမ်း ဖက်သောင်းကျန်းသူအဖွဲ့များ၏ ယာယီထိန်းချုပ်ခြင်းကို ခံထားရသဖြင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေခဲ့ရာမှ တပ်မတော်က ဇွန်လ ၂ ရက်နေ့တွင် နယ်မြေ လုံခြုံရေးအတွက် စစ်ဆင်ရေးများ စတင်ကာ ပြန်လည်စိုးမိုးနိုင်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

      စစ်ဆင်ရေးကာလအတွင်း တပ်မတော်စစ်ကြောင်းများ သည် ရေလယ်ကျွန်း၊ ယာကြီး၊ လှပန်းနှင့် ထုံးကြီးကျေးရွာများအပါ အဝင် လမ်းကြောင်းတစ်လျှောက်ရှိ နေရာတစ်ဒါဇင်ကျော်ကို တဖြည်းဖြည်းချင်း လုံခြုံရေးပြန်လည်ရယူနိုင်ခဲ့ပြီး ဖြစ်သည်။ ဇွန်လ ၂၃ ရက်နေ့တွင်မူ စစ်ကြောင်းများ သည် ကျောရွာသို့ အောင်မြင်စွာ ရောက်ရှိခဲ့ပြီး ဒေသခံပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ နယ်မြေလုံခြုံ ရေးလုပ်ငန်းများကို ဆက် လက်တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

   လမ်းကြောင်းတစ်လျှောက် နယ်မြေရှင်းလင်းရေး ဆောင် ရွက်စဉ်အတွင်း အပြန်အလှန်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး၊ လုံခြုံရေးတပ်ဖွဲ့များဘက်က သောင်းကျန်းသူများ၏ လက်နက်၊ ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် ယာယီစခန်းများကို သိမ်းဆည်းရမိခဲ့ကာ ရန်သူ့တပ်ဖွဲ့များဘက်မှ အကျအဆုံးများ ပြားစွာဖြင့် ဆုတ်ခွာသွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။        

ယခင်က အဆိုပါလမ်းကြောင်းပေါ်တွင် PDF အကြမ်းဖက် သမားများက လမ်းပိတ်ဆို့မှုများ ပြုလုပ်ပြီး ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ကားများထံမှ ငွေကြေးအတင်း အဓမ္မဆက် ကြေးကောက်ခံခြင်း၊ ပြန်ပေးဆွဲသတ်ဖြတ်ခြင်း ၊ မော်တော် ယာဉ်များကို မီးရှို့ဖျက်ဆီးခြင်း၊ တရားမဝင်သစ်ထုတ်လုပ်ခြင်းနှင့် ကန့်သတ်ကုန်စည်များ သယ်ယူပို့ဆောင်ခြင်းတို့ကို လုပ် ဆောင်ခဲ့သဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝနှင့် သွား လာရေးကို များစွာထိခိုက်စေခဲ့သည်။

   လက်ရှိတွင် ဒေသခံများနှင့် ကုန်သည်ခရီးသွားများ ဘေးကင်း လုံခြုံစွာ သွားလာနိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက လှပန်းရွာနှင့် ကျောရွာအကြားတွင် သောင်းကျန်းသူအဖွဲ့များ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများနှင့် စောင့်ကြိုတိုက်ခိုက်မည့်အန္တရာယ်များကို အထူးမိုင်းရှင်းလင်းရေး အစီအစဉ်များဖြင့် ရှင်းလင်းလျက်ရှိသည်။

    ကလေးဝ-ယာကြီး-မုံရွာ လမ်းမကြီးအား အပြည့်အဝပြန် လည်ဖွင့်လှစ်ပြီး ဒေသတွင်း ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရန် အကြမ်းဖက်မှုဆန့်ကျင်ရေး စစ်ဆင်ရေးများကို ဆက် လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။                  
Telegram»…
https://t.me/positiveanglenews

#PAN