
(နိုင်ငံတကာ) ဇွန် ၂၂
အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ရက်ပေါင်း ၁၀၀ ကျော်ကြာ ဖြစ်ပွားခဲ့သည့် သွေးထွက်သံယိုစစ်ပွဲကို အပြီး တိုင်အဆုံးသတ်ရန်အတွက် အဆင့်မြင့်အရာ ရှိကြီးများအကြား ပထမအကျော့ဆွေးနွေးပွဲကို ဆွစ်ဇာလန်နိုင်ငံ၌ ကျင်းပခဲ့ရာ ရက်ပေါင်း ၆၀ အတွင်း အပြီးသတ်ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်မည့် ‘လမ်းပြမြေပုံ’ (Roadmap)အပေါ် နှစ်ဖက်သဘောတူညီမှု ရရှိခဲ့ကြောင်း ကြားဝင်စေ့စပ်ပေးသည့် ပါကစ္စတန်နှင့် ကာတာနိုင်ငံတို့က ထုတ်ပြန်ကြေညာခဲ့သည်။
အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ် (JD Vance) နှင့် အီရန်ပါလီမန်ဥက္ကဋ္ဌ ဂါလီဘတ်ဖ် (Ghalibaf) တို့ ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့များသည် ပြီးခဲ့သည့်အပတ်က လက်မှတ်ရေးထိုးခဲ့သော ပဏာမနားလည်မှုစာချွန်လွှာအရ နှစ်လတာအတွင်း ဆွေးနွေးပွဲများကို စတင်ခဲ့ခြင်းဖြစ်သည်။
ဤဆွေးနွေးပွဲတွင် အဓိကကျလှသည့် ကမ္ဘာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ငါးပုံတစ်ပုံ ဖြတ်သန်းရာ ‘ဟော်မုဇ်ရေ လက်ကြား’ (Strait of Hormuz)ကို ဆက်လက်ဖွင့်လှစ်ထားရှိရန်နှင့် အစ္စ ရေး-ဟစ်ဇ်ဘိုလာတို့အကြား လက်ဘနွန်တိုက်ပွဲများ ထပ်မံမဖြစ်ပွားစေရန် တားဆီးပေးမည့် “ပဋိ ပက္ခရှောင်ရှားရေးဆဲလ်” (Deconfliction Cell) တစ်ခု တည်ထောင်ရန် အဓိက သဘော တူညီခဲ့ကြသည်။
ဆွေးနွေးပွဲများ စတင်ချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေဖြင့် ၎င်းတို့၏ လက်ဝေခံဟစ်ဇ်ဘိုလာကို မတားဆီးပါက အီရန်ကို ပြင်းထန်စွာ ပြန်လည်တိုက်ခိုက်မည်ဟု လူမှုကွန်ရက်တွင် ခြိမ်းခြောက်ခဲ့သဖြင့် အီရန်ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးပွဲမှ ခေတ္တထွက်ခွာသွားသည့် အဖုအထစ်များ ရှိခဲ့သော် လည်း၊ ကြားဝင်စေ့စပ်ပေးသူများ၏ ကြိုးပမ်းမှုကြောင့် နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နိုင်ခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ဂ်ချီက ယခုဆွေးနွေးပွဲကြောင့် အီရန်အပေါ် ချမှတ်ထားသည့် အမေရိကန်၏ စွမ်းအင်ပိတ်ဆို့မှုအချို့ ကန့်သတ်ချက် ဖြေလျှော့ပေးခဲ့ပြီး၊ အေးခဲထားသည့် အီရန်ပိုင်ဆိုင်မှုအချို့ကိုလည်း ပြန်လည်ထုတ် ပေးရန် သဘောတူညီမှုရရှိခဲ့ကြောင်း ၎င်း၏ X လူမှုကွန်ရက်တွင် အတည်ပြုရေးသားခဲ့သည်။
အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်ကလည်း ယခုတွေ့ဆုံမှုကို “သမိုင်းဝင်တွေ့ဆုံမှု” ဟု ချီးကျူးခဲ့ပြီး၊ သမ္မတထရမ့်က အီရန်ပြည်သူများနှင့် ဆက်ဆံရေးစာမျက်နှာသစ် ဖွင့်လှစ်ရန် လမ်း ညွှန်ထားကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ အလားတူ အီရန်သမ္မတ ပီဇက်ရှ်ကီယန်ကလည်း ၎င်းတို့အနေ ဖြင့် ယူရေနီယံသန့်စင်ပွားများခွင့်ကို စွန့်လွှတ်မည်မဟုတ်သော် လည်း နျူကလီးယားဗုံး ထုတ် လုပ်ရန် ရည်ရွယ်ချက် လုံးဝမရှိကြောင်း စာဖြင့်ရေးသားအတည်ပြုပေးနိုင်သည်ဟု ဆိုသည်။
လက်ရှိတွင် လက်ဘနွန်၌ မတ်လ ၂ ရက်မှ စတင်ကာ အရှိန်မြင့်ခဲ့သည့် တိုက်ပွဲများကြောင့် လူပေါင်း ၄,၁၀၀ ကျော် သေဆုံးခဲ့ရပြီးနောက်၊ ယခုရက်သတ္တပတ်၏ ကျန်ရှိသောရက်များတွင် ဆွစ်ဇာလန်အပန်းဖြေစခန်းဖြစ်သည့် ဘာဂန်စတော့ခ် (Burgenstock) ၌ နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်ဆွေး နွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN