မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဗျူဟာမြောက် ခမ်းပါတ်မြို့ကို တပ်မတော်စစ်ကြောင်းများ ပြန်လည်ထိန်းချုပ်၊ ကလေး-တမူး လမ်းကြောင်း ကုန်စည်စီးဆင်းမှု ပြန်လည်ပွင့်လင်းရေးနှင့် မိုင်းရှင်းလင်းရေး ဆောင်ရွက်နေဟုဆို

(ပြည်တွင်း) ဇွန် ၂၁

     ​​မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးနှင့် လမ်း ပန်းဆက်သွယ်ရေးအတွက် အထူးဗျူဟာမြောက်သည့် စစ်ကိုင်း တိုင်းဒေသကြီး၊ တမူးခရိုင်အတွင်းရှိ ခမ်းပါတ်မြို့ကို တပ်မတော်စစ်ကြောင်းများက မနေ့က (ဇွန်လ ၂၀ ရက်)တွင် အပြည့်အစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိတွင် ကလေး-တမူး လမ်း ကြောင်းတစ်ခုလုံး စိုးမိုးရေးအတွက် လုံခြုံရေးတိုးမြှင့်ဆောင် ရွက်နေကြောင်း သိရသည်။

     တပ်မတော်သည် အိန္ဒိယ-မြန်မာ ကုန်သွယ်ရေး၏ အဓိကအသက်သွေးကြောဖြစ်သော ကလေး-တမူး လမ်း ကြောင်းအား အလုံးစုံပြန်လည်စိုးမိုးနိုင်ရန်အတွက် ဇွန်လဆန်းပိုင်းမှစတင်ကာ ဟန်ချက်ညီညီ စစ်ကြောင်းခွဲ၍ အဆင့်လိုက် လုံခြုံရေးစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့သည်။ ကလေးမြို့ဘက်မှ ချီတက်လာသော စစ်ကြောင်းများသည် ဇွန်လ ၇ ရက်နေ့တွင် အရှေ့ကုန်းသာ၊ (၅၆) မိုင်၊ (၅၅) မိုင်၊ နန်းမူတာနှင့် ရန်လင်းပိုင်ကျေး ရွာ ပတ်ဝန်းကျင်နယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

     ထို့နောက် စစ်ဆင်ရေးများကို ဆက်လက်အရှိန်မြှင့်ခဲ့ရာ ဇွန် လ ၁၃ ရက်တွင် ရာဇဂြိုဟ်ရွာနှင့် ရာဇဂြိုဟ်ဆည်၊ ဇွန် လ ၁၅ ရက်တွင် ရန်မျိုးအောင်ရွာ၊ ဇွန်လ ၁၆ ရက်တွင် စော်ဘွားရေရှင်ရွာ၊ ဇွန်လ ၁၇ ရက်တွင် ကျွန်းတောရေရှင်ရွာ၊ ဇွန်လ ၁၉ ရက်တွင် ကုန်းနိုင်းနှင့် နန်းခေါက်ခေါက်ရွာတို့ကို အသီးသီး ပြန်လည်စိုးမိုးနိုင်ခဲ့သည်။

    ယမန်နေ့တွင် နန်းကတိတ်ကျေးရွာနှင့် ခမ်းပါတ်မြို့တို့ကို အပြီး သတ်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကိုင်အဖွဲ့များမှာ အကျ အဆုံးများစွာဖြင့် မြောက်ဘက်သို့ ဖရိုဖရဲ ဆုတ်ခွာသွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

     ခမ်းပါတ်မြို့သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ကတည်းက PDF အဖွဲ့များ၏ ယာယီထိန်းချုပ်ခြင်းကို ခံခဲ့ရပြီး ဒေသခံတိုင်းရင်းသားများကို လူသားတံတိုင်းအဖြစ် အသုံးပြုကာ နေအိမ်များ၊ ဌာနဆိုင်ရာများနှင့် ဘာသာရေးအဆောက် အအုံများတွင် သဲအိတ်ဘန်ကာများ၊ ကတုတ် ကျင်းများဖြင့် အခိုင်အမာခံစစ်စခန်းများ ဆောက်လုပ်ထား ခဲ့ခြင်းဖြစ်သည်။

     ၎င်းကာလအတွင်း လမ်းတံတားများ ဖျက်ဆီးခံရခြင်း၊ ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များထံမှ တရားမဝင် ဆက်ကြေးကောက်ခံခြင်း၊ ငွေညှစ်ခြင်းနှင့် ယာဉ်များမီးရှို့ခံရခြင်းတို့ကြောင့် နှစ်နိုင်ငံ သွင်းကုန်-ထုတ်ကုန်လုပ် ငန်းများနှင့် ကုန်စည်စီးဆင်းမှုမှာ ရပ်တန့်ကာ ဒေသခံများ စီးပွားရေးအကျပ်ဆိုက်ခဲ့ရသည်။

     လက်ရှိတွင် တပ်မတော်စစ်ကြောင်းများက ခမ်းပါတ်မြို့အတွင်း ဖြစ်ပေါ်ခဲ့သော အပျက်အစီးများကို ဖယ်ရှားခြင်း၊ လမ်းတံတားများ ပြုပြင်ခြင်းနှင့် ဒေသခံပြည်သူများ ဘေးကင်းစွာ ဝင်ရောက်နေထိုင်နိုင်ရေးအတွက် မြို့ရွာအတွင်း ထောင်ထားသည့် မိုင်းများ ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ် ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN