
(နိုင်ငံတကာ) ဇွန် ၂၀
အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒင် (Joe Biden) က ၎င်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်အတွက် သီးသန့်အသံသွင်းထားသည့် အချက်အလက်များကို လူသိရှင် ကြား ထုတ်ပြန်ခြင်းမပြုရန် တားမြစ်ပေးဖို့ လျှောက်ထားခဲ့သည့် တရားစွဲဆိုမှုကို အမေရိကန်ဖက်ဒရယ် တရားသူကြီးတစ်ဦးက သောကြာနေ့တွင် ပယ်ချလိုက်ကြောင်း သိရသည်။
အမေရိကန်ခရိုင်တရားသူကြီး ဒက်ဘ်နီ ဖရိုင်းဒရစ် (Dabney Friedrich)က ယင်းအသံသွင်းချက်များနှင့် အသံကူးယူချက် (Transcripts)များကို လက်ယာစွန်းဝါဒီ အိုင်ဒီယာအဖွဲ့အစည်းတစ်ခုဖြစ်သည့် ‘ဟဲရီတေ့ချ် ဖောင်ဒေးရှင်း’ (Heritage Foundation)သို့ သတင်းလွတ်လပ် ခွင့်အက် ဥပဒေ (FOIA)အရ လွှဲပြောင်းပေးအပ်နိုင်ကြောင်း အမိန့်ချမှတ်ခဲ့သည်။
အဆိုပါအသံသွင်းချက်များသည် ဘိုင်ဒင် ရာထူးမှကင်း ကွာနေစဉ် ၂၀၁၇ ခုနှစ်က ထုတ်ဝေခဲ့သော “Promise Me, Dad” ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်အတွက် ၎င်း၏စာရေး ဆရာ မာ့ခ် ဇိုနစ်ဇာ (Mark Zwonitzer) နှင့်အတူ ၎င်း၏ နေအိမ်အတွင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှတ်တမ်းတင်ထားခဲ့သည့် အရာများ ဖြစ်သည်။
တရားသူကြီး ဖရိုင်းဒရစ်က ၎င်း၏ စာမျက်နှာ ၂၆ မျက်နှာပါ စီရင်ချက်တွင် ယခုအသံသွင်းချက်များ ထွက်ပေါ်လာပါက ဘိုင်ဒင်၏ ဂုဏ်သိက္ခာပိုင်းကို ထိခိုက်မှုရှိလာနိုင်သည်မှာ မှန်သော် လည်း၊ ယင်းသည် လျော့ပါးနေသော ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုး စီးပွားမျှသာဖြစ်ပြီး အများပြည်သူ၏ သိပိုင်ခွင့်နှင့် စိတ်ဝင်စားမှု (Public Interest) ကို ကျော်လွန်၍မရနိုင်ကြောင်း ထောက်ပြခဲ့သည်။
အဆိုပါအချက်အလက်များသည် ၂၀၂၃ ခုနှစ်အတွင်း ဘိုင်ဒင်၏ လျှို့ဝှက်စာရွက်စာတမ်း ကိုင်တွယ်မှုအပေါ် အထူးရှေ့နေ ရောဘတ် ဟာ (Robert Hur)က စုံစမ်းစစ် ဆေးရာတွင် တရားရေးဝန်ကြီးဌာနလက်ဝယ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က အထူးရှေ့နေ ‘ဟာ’ က ဘိုင်ဒင်ကို စွဲချက်တင်ရန် မလိုအပ်ကြောင်း ဆုံးဖြတ်ခဲ့သော်လည်း၊ ၎င်း၏မှတ်ဉာဏ်တွင် “သိသာထင်ရှားသည့် ကန့်သတ်ချက်များ (အားနည်းချက်များ)” ရှိနေပြီး ဂျူရီလူကြီးများရှေ့တွင် “မှတ်ဉာဏ်ချို့တဲ့နေသည့် သက်ကြီးရွယ်အို” အဖြစ် မြင်တွေ့ရနိုင်ကြောင်း သုံးသပ်ကိုးကားခဲ့ဖူး သည်။
ဘိုင်ဒင်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် အသက် ၈၂ နှစ်အရွယ်ဖြင့် ရာထူးမှအနားယူခဲ့ပြီး အမေရိကန်သမိုင်းတွင် အသက်အကြီးဆုံး သမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့ကာ၊ ၎င်း၏ အသက်အရွယ်နှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတို့မှာ ရေရှည်ဝေဖန်ခံခဲ့ရသည်။
လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်နှင့် ရီပတ်ဘလစ်ကန်များ ဦး ဆောင်သည့် အောက်လွှတ်တော် တရားစီရင်ရေးကော် မတီတို့က ဘိုင်ဒင်၏ ကျန်းမာရေးအခြေအနေကို အာဏာပိုင်များက ဖုံး ကွယ်ရန် ကြိုးပမ်းခဲ့ခြင်း ရှိ၊ မရှိ စုံစမ်းရန် အဆို ပါအသံသွင်းချက်များကို ရရှိရေး တွန်းအားပေးနေကြသည်။ တရားရုံး၏ သောကြာနေ့ ဆုံးဖြတ်ချက်အပေါ် သမ္မတဟောင်း ဘိုင်ဒင်ဘက်က ရှေ့နေများမှတစ်ဆင့် ဆက်လက်အယူခံဝင်သွားလိမ့်မည်ဟု မျှော်လင့်ရသည်။
Telegram»…
https://t.me/positiveanglenews
#PAN