အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် လက်ဘနွန်၏ နာမည်ကျော် အဏ္ဏဝါဂေဟဗေဒပညာရှင် မိုနာ ခါလီလ် အသက် ၇၇ နှစ်အရွယ်တွင် ကွယ်လွန်

အဏ္ဏဝါဂေဟဗေဒပညာရှင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား မိုနာ ခါလီလ် (Mona Khalil)

(နိုင်ငံတကာ) ဇွန် ၂၀

     ​​လွန်ခဲ့သည့် သီတင်းပတ်က လက်ဘနွန်တောင်ပိုင်း တိုင်ယာ (Tyre)မြို့အနီးရှိ သူမ၏ နေအိမ်ကို အစ္စရေးစစ်တပ်က လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် လက်ဘနွန်နိုင်ငံ၏ နာမည်ကျော် အဏ္ဏဝါဂေဟဗေဒပညာရှင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား မိုနာ ခါလီလ် (Mona Khalil) သည် သောကြာနေ့တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနများက ဖော်ပြကြသည်။

     အသက် ၇၇ နှစ်အရွယ်ရှိ ခါလီလ်သည် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ရရှိခဲ့သော ဒဏ်ရာများဖြင့် သောကြာနေ့တွင် ကွယ် လွန်သွားခဲ့ခြင်းဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူမကွယ်လွန်သည့် သောကြာနေ့သည် အမေရိကန်နှင့် အီရန်တို့အကြား ရရှိထားသည့် နုနယ်လှသော အပစ်ရပ်ငြိမ်းချမ်းရေးစာချုပ်ကို ဥပေက္ခာပြုကာ အစ္စရေးက လက်ဘနွန်တောင်ပိုင်းကို လေ ကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့၍ တစ်ရက်တည်းတွင်ပင် အရပ်သား ၅၀ ခန့် သေဆုံးခဲ့ရသည့် နေ့လည်း ဖြစ်သည်။

     မိုနာ ခါလီလ် သည် ၁၉၄၉ ခုနှစ်တွင် နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့၌ မွေးဖွားခဲ့ပြီး၊ တိုင်းတစ်ပါးတွင် နှစ်အတော်ကြာ နေထိုင်ခဲ့ပြီးနောက် လက်ဘနွန်တောင်ပိုင်းသို့ ပြောင်း ရွှေ့အခြေချခဲ့သူ ဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် တိုင်ယာမြို့အနီးရှိ ကမ်းခြေ၌ ဥအုရန် တက်လာသော ပင်လယ်လိပ်တစ်ကောင်နှင့် တွေ့ဆုံခဲ့ရသည့် တိုက်ဆိုင်မှုမှစတင်ကာ သူမသည် မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော ‘လော့ဂါဟတ်’ (loggerhead) နှင့် ‘လိပ်စိမ်း’ (green sea turtles)များ ကာကွယ်စောင့်ရှောက်ရေးအတွက် ၎င်း၏ ဘဝ နောက်ဆုံးဆယ်စုနှစ်ပေါင်းများစွာကို ကိုယ်ကျိုးစွန့် မြှုပ်နှံခဲ့သည်။

     သူမသည် ၂၀၀၀ ပြည့်နှစ်တွင် အယ်လ်မန်ဆူရီ (al-Mansouri) ကမ်းခြေ၌ Orange House အမည်ရှိ သဘာဝအခြေခံ ဂေဟစနစ်ခရီးသွားလုပ်ငန်း (eco-tourism) စီမံကိန်းကို ထူထောင်ကာ ပင်လယ်လိပ်များ၏ ဥအုရာနေရာများကို ကမ်းရိုးတန်းဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပလပ်စတစ်ညစ်ညမ်းမှု အန္တရာယ်များမှ အကာအကွယ်ပေးခဲ့သည်။

     သူမနှင့် နီးကပ်စွာ လက်တွဲခဲ့သည့် စေတနာ့ဝန်ထမ်းများနှင့် သဘာဝပတ်ဝန်းကျင်အဖွဲ့ Live Love Tyre က “ဒီလို စစ်မီးတွေတောက်နေတဲ့ အခြေအနေတွေကြားကပဲ မိုနာဟာ လိပ်တွေကို စောင့်ရှောက်ဖို့အတွက် မပြောင်းမရွှေ့ဘဲ နေထိုင်ခဲ့တာပါ။ သူမ ကွယ်လွန်ခြင်းဟာ ကျွန်မတို့အတွက်တင်မကဘဲ သူမ သစ္စာ ရှိရှိ စောင့်ရှောက်ခဲ့တဲ့ သက်ရှိတွေနဲ့ လက်ဘနွန်နိုင်ငံတစ်ခုလုံးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါ” ဟု ဝမ်းနည်းစွာ အမှတ်တရပြု ထုတ်ပြန်ခဲ့ကြသည်။

Telegram»…
https://t.me/positiveanglenews

#PAN