အောင်လံမြို့တွင် ငွေကျပ် ၁၁ ဒသမ ၆၅ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ  

(မှုခင်း) ဇွန် ၂၀

မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် ရခိုင်ပြည်နယ်သို့ပို့ဆောင်မည့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဇွန် ၁၇ ရက် ညနေပိုင်းတွင် အောင်လံမြို့၊ မန်ကျည်းကုန်းရပ်ကွက်ရှိ အောင်လံ Resort ဟိုတယ်၌ ရမည်းသင်းမြို့နယ်မှ ရခိုင်ပြည်နယ်သို့ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ သယ်ဆောင်ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဟိုတယ်၌ တည်းခိုနေထိုင်သည့် ခွန်အောင်ဝင်း (၂၅) နှစ်နှင့် ဇနီးဖြစ်သူ မနန်းဒေစီအောင် (၂၁) နှစ်တို့၏ ခရီးဆောင်အိတ်များအတွင်းမှ တစ်အိတ်လျှင် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပါ အထုပ် ၂၀ ပါရှိသည့် လက်ဆွဲအိတ် ၁၀ အိတ် (ဆေးပြားပေါင်းသိန်း ၂၀) ကိုလည်းကောင်း၊ ဟိုတယ်တွင် ရပ်တန့်ထားသည့် ယာဉ်အမှတ်၊ YGN-18 / RLG —— Honda Stepwagon (လိုင်စင်မဲ့) ယာဉ်ပေါ်မှ ဝါသေဋ္ဌ (ခ) ဝင်းနိုင်နှင့်အတူ ယာဉ်နောက်ခန်းအတွင်း၌ ဆာလာအိတ်တစ်အိတ်လျှင် WY/R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပါ အထုပ် ၂၀ စီပါရှိသည့် ဆာလာအိတ် ၁၅ အိတ် (စိတ်ကြွရူးသွပ်ဆေးပြားပေါင်းသိန်း ၃၀) လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြားပေါင်း သိန်း ၅၀ ကာလတန်ဖိုးခန့်မှန်းငွေကျပ် ၁၀ ဘီလီယံခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ ဆက်စပ်တရားခံအား ဖမ်းဆီးရမိရေး လိုအပ်သည့်စစ်ဆေးရှာဖွေမှုများ ဆက်လက်ပြုလုပ်ခဲ့ရာ မူးယစ်ဆေးဝါးပို့ဆောင်ရာတွင်ပါဝင်သည့် အောင်လေး (ခ) အောင်နိုင်မင်း (၄၉)နှစ်အား အဆိုပါရက်တွင် အောင်လံမြို့နယ် မိုးဖုန်းကျေးရွာ၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တရားခံများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

#PAN