
(နိုင်ငံတကာ) ဇွန် ၁၈
ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များသည် ယခုသီတင်း ပတ်အတွင်း ရုရှားမြို့တော် မော်စကိုရှိ ရေနံချက်စက်ရုံတစ်ရုံကို ဒုတိယအကြိမ်မြောက်အဖြစ် ဒရုန်းများဖြင့် ထပ်မံထိမှန်တိုက် ခိုက်ခဲ့ပြီး ရုရှားဘက်ကလည်း ယူကရိန်းမြို့တော် ကိယက်ဗ်သို့ ပဲ့ထိန်းဒုံးကျည်များဖြင့် တုံ့ပြန်ပစ်ခတ်ခဲ့သည်။
အဆိုပါ စစ်ရေးတင်းမာမှုများ ပြင်းထန်နေချိန်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ၄ နှစ်ကျော်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်မည့် သဘောတူညီချက်တစ်ခု ရရှိရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ပ် အပါအဝင် ဥရောပခေါင်းဆောင်များထံမှ ထောက်ခံမှုရရှိရန် သံတမန်ရေးအရ အပြင်းအထန် ကြိုးပမ်းလျက်ရှိသည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ ညတွင်းချင်း ပျံသန်းလာသော ယူကရိန်းဒရုန်း ၅၅၅ စင်းကို ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ပြီး မော်စကိုမြို့တော်သို့ ချဉ်းကပ်လာသည့် ဒရုန်း ၂၀၀ နီး ပါးကို ကြားဖြတ်ဟန့်တားခဲ့ရကြောင်း သိရသည်။
သို့သော်လည်း မော်စကိုမြို့တော်ဝန် ဆာဂေး ဆိုဗျာနင်က ဒရုန်းအချို့သည် မော်စကိုရေနံချက်စက်ရုံသို့ ရောက်ရှိထိမှန်သွားခဲ့ကြောင်း အတည်ပြုခဲ့ပြီး၊ အဆိုပါတိုက်ခိုက်မှုကြောင့် ရုရှား၏ အစည်ကားဆုံး ရှယ်ရယ်မက်တီယေဗို (Sheremetyevo) လေ ဆိပ်တွင် လေကြောင်းပျံသန်းမှုများ ဆိုင်းငံ့ခြင်းနှင့် လူစုခွဲခြင်းများ ပြုလုပ်ခဲ့ရသည်။
ယခုတိုက်ခိုက်မှုသည် စွမ်းအင်ကဏ္ဍကို ပစ်မှတ်ထားခြင်းဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုများကြောင့် ရုရှားနိုင်ငံအတွင်း လောင်စာဆီပြတ်လပ်မှု အကျပ်အတည်း ပိုမိုဆိုးရွားလာနေသည်။ တစ်ချိန်တည်းမှာပင် ရုရှားဘက်ကလည်း ကိယက်ဗ်မြို့တော်သို့ ပဲ့ထိန်းဒုံးကျည်များဖြင့် အပြင်းအထန် အရပ်ဘက်ပစ်မှတ်များကို ဗုံး ကြဲတိုက်ခိုက်ခဲ့ရာ ပြီးခဲ့သည့်ရက်ပိုင်းက ယူနက်စကို (UNESCO) စာရင်းဝင် နှစ်ပေါင်း ၁,၀၀၀ သက်တမ်းရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ပျက်စီးခဲ့ရသဖြင့် ဥရောပခေါင်းဆောင်များ၏ ရှုတ်ချမှုကို ခံခဲ့ရသည်။ သို့သော် ရုရှားအစိုးရဘက်ကမူ ၎င်းတို့အနေဖြင့် အဆိုပါ ဘုန်းတော်ကြီးကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုထားသည်။
ဤအတောအတွင်း သမ္မတ ဇလန်းစကီးသည် ရုရှားအား စစ် ပွဲအဆုံးသတ်ရေး ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ရောက် လာစေရန် ဖိအားပေးနိုင်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ပ်၊ ပြင်သစ်သမ္မတ အီမာနျူရယ် မက်ခရွန် အပါအဝင် G7 နိုင်ငံများမှ ခေါင်းဆောင်များနှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ ဆွေးနွေးမှုအပြီးတွင် သမ္မတ ဒေါ်နယ်ထရမ်ပ်က စစ်ပွဲကို အဆုံး သတ်ရန်အတွက် “မိမိ တတ်နိုင်သမျှ အရာအားလုံးကို လုပ် ဆောင်သွားမည်” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
ဇလန်းစကီးက ၎င်းအနေဖြင့် G7 အဖွဲ့ထံမှ အရေးကြီးသော ကတိကဝတ်များအဖြစ် လေကြောင်းရန်ကာကွယ် ရေး ဒုံးကျည်များ ပိုမိုရရှိရေး၊ ယင်းတို့ကို ယူကရိန်း၌ ကိုယ်တိုင်ထုတ်လုပ်ခွင့်လိုင်စင်များနှင့် ဆောင်းတွင်းကာလ ပံ့ပိုးကူညီမှုအစီအစဉ်များကို ရရှိခဲ့ကြောင်း X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
“အရေးကြီးတာက အမေရိကန်ပြည်ထောင်စုဟာ ဒီကြိုးပမ်းမှုလမ်းကြောင်းတွေတစ်လျှောက် ဘေးကနေ အကာ အကွယ်ပေးဖို့ အဆင်သင့်ရှိနေတာပါပဲ။ ရုရှားအနေနဲ့ သူတို့ရဲ့ ကျူးကျော်စစ်ပွဲကို ဘယ်တော့မှ ပုံမှန်အခြေအနေလို သဘောထားလို့ မရဘူးဆိုတာကို သိသွားစေရပါမယ်” ဟု ဇလန်းစကီးက ဆက်လက်ပြောကြားခဲ့သည်။
Telegram»…
https://t.me/positiveanglenews
#PAN