(ပြည်တွင်း) ဇွန် ၁၈
တတိယအကြိမ် ပြည်သူ့လွှတ်တော်အနေနဲ့ မိမိတို့လွှတ်တော်ရဲ့ နေ့စဉ်လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေကို ပြန်လည်ရှင်းလင်းပြောကြားနိုင်ဖို့အတွက် ပြည်သူ့လွှတ်တော် သတင်းထုတ်ပြန်ရေးအဖွဲ့ ကို ဖွဲ့စည်းလိုက်ပါတယ်။

အဲဒီအဖွဲ့ကို ပြည်ခိုင်ဖြိုး၊ တစည၊ ကျားဖြူ၊ ပအို့ဝ်နဲ့ မွန်ပါတီက ကိုယ်စားလှယ် ၆ ဦးနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ ဒီကနေ့ ဇွန်လ ၁၈ ရက်နေ့က ပြည်သူ့လွှတ်တော်က သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပြည်သူ့လွှတ်တော် သတင်းထုတ်ပြန်ရေးအဖွဲ့မှာ အဖွဲ့ခေါင်းဆောင်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဒေါက်တာနန္ဒာလှမြင့် (ကလောမဲဆန္ဒနယ်)နဲ့ ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦးသိန်းထွန်းဦး (အမရပူရမဲဆန္ဒနယ်)တို့က တာဝန်ယူသွားမှာဖြစ်ပြီး အဖွဲ့ဝင်တွေအဖြစ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဒေါက်တာကျော်ဆွေ (တောင်တွင်းကြီးမဲဆန္ဒနယ်)၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက ဦးကောင်းသက်စံ (သီပေါမဲဆန္ဒနယ်)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ဒေါ်နန်းရီရီဝင်း (ပင်းလောင်းမဲဆန္ဒနယ်)နဲ့ မွန်ညီညွတ်ရေးပါတီက ဒေါ်မြင့်သန်း (ခေါ်) မိမြင့်သန်း (ရေးမဲဆန္ဒနယ်) တို့က တာဝန်ယူဆောင်ရွက်သွားကြမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူ့အကျိုးဆောင်ရွက်နေတဲ့ လုပ်ငန်းစဥ်တွေကို ပြည်သူတွေ သိရှိစေနိုင်ဖို့နဲ့ လွှတ်တော်အတွက် သတင်းတု၊သတင်းမှားတွေကို ဖြေရှင်းပေးဖို့အပြင် နေ့စဥ်လုပ်ဆောင်ချက်တွေကို သိရှိစေဖို့အတွက် အခုလို သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့တာဖြစ်ပြီး သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ၂ ဦးစီက တစ်နေ့တာ လွှတ်တော်လုပ်ဆောင်ချက် အကျဥ်းချုပ်ကို အလှည့်ကျ ရှင်းလင်းပေးသွားမှာဖြစ်တယ်လို့ အဖွဲ့ခေါင်းဆောင် ဒေါက်တာနန္ဒာလှမြင့်က ဆိုပါတယ်။

ပြည်သူ့လွှတ်တော် အစည်းအဝေးပြုလုပ်တဲ့နေ့တွေမှာ လွှတ်တော်က သတ်မှတ်ထားတဲံ Media Corner မှာ နေ့စဥ်ဆောင်ရွက်ချက်ကို ရှင်းလင်းထုတ်ပြန် ဖြေကြားပေးသွားမှာဖြစ်ပေမယ့် တယ်လီဖုန်းနဲ့ မေးမြန်းတာတွေကို လတ်တလောအခြေအနေအရ ဖြေကြားတာတွေ မပြုလုပ်ဖို့ ပြည်သူ့လွှတ်တော်က တားမြစ်ထားတယ်လို့လည်း သိရပါတယ်။


#PAN