
(နိုင်ငံတကာ) ဇွန် ၁၅
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တော် ကောင်းကင်ယံထက်တွင် ဟယ်လီကော်ပတာနှစ်စင်း ပျံသန်းရင်း အချင်း ချင်း တိုက်မိကာ လျှပ်စစ်ကား (EV) အရောင်းပြခန်းတစ်ခု၏ ကားပါကင်အတွင်းသို့ ထိုးဆင်းပျက်ကျခဲ့သဖြင့် ယာဉ်ပေါ်ပါရှိသူ လူခြောက်ဦးစလုံး သေဆုံးသွားသည့် ထိတ်လန့်ဖွယ် လေကြောင်းမတော် တဆမှုတစ်ခု တနင်္ဂနွေနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်သည် ရီယိုဒီဂျနေးရိုးမြို့ အနောက်ဘက်ဆင် ခြေဖုံးရပ်ကွက်တစ်ခုဖြစ်သော ဟီခရီယို ဒို့စ် ဘန်ဒေရန်တက်စ်(Recreio dos Bandeirantes) တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။ မီးသတ်တပ်ဖွဲ့ဝင်များ၏ အဆိုအရ ဟယ်လီကော်ပတာနှစ်စင်းသည် ဝေဟင်တွင် တိုက်မိပြီးနောက် လျှပ်စစ်ကားအရောင်းပြခန်း ကားပါကင်ပေါ်သို့ တိုက်ရိုက်ထိုးဆင်းသွားခဲ့ရာ စီတန်းရပ်နားထားသည့် လျှပ်စစ်မော် တော်ကား အစီးရေ ၂၀ ခန့်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ ဖာဘီယို ကွန်ထရီရပ်စ် (Fabio Contreiras) က လျှပ်စစ်ကားများတွင် အသုံးပြုထားသည့် လစ်သီယမ်-အိုင်ယွန် (Lithium-ion) ဘက်ထရီများ မီး လောင်ရာမှ ပြင်းထန်သောအဆိပ်ငွေ့များ ထွက်ရှိလာခြင်းနှင့် အပူချိန်လွန်ကဲခြင်းတို့ကြောင့် မီးငြှိမ်းသတ်ရန် အလွန်ခက်ခဲခဲ့ကြောင်း၊ လျှပ်စစ်ကားတစ်စီး၏ မီးကိုငြှိမ်းသတ်ရန် သာမန်ဓာတ်ဆီ/ဒီဇယ်ကားများထက် ရေပမာဏ ၃ ဆမှ ၄ ဆအထိ ပိုမိုအသုံးပြုခဲ့ရကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း အဆိုပါဒေသမှာ လူနေထူထပ်သော အရပ်ဖြစ်ပြီး ဟယ်လီကော်ပတာများ ကားပါကင်ကဲ့သို့ မြေကွက်လပ်ထဲသို့ ကျရောက်ခဲ့ခြင်းကြောင့်သာ မြေပြင်ရှိ ပြည်သူများ ထိခိုက်သေ ဆုံးမှု ထပ်မံမရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကယ်ဆယ်ရေးလုပ်သားများသည် မီးလောင်ပြင်အတွင်းရှိ ပထမဟယ်လီကော်ပတာအပျက်အစီးထဲမှ သေဆုံးသူ ၅ ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ မီတာ ၁၀၀ ခန့်အကွာတွင် တွေ့ရသည့် ဒုတိယဟယ်လီကော်ပတာပေါ်မှ သေဆုံးသူ ပိုင်းလော့တစ်ဦး၏ ရုပ်အလောင်းကိုပါ ထပ်မံတွေ့ရှိခဲ့ရသည်။
လက်ရှိတွင် လေကြောင်းမတော်တဆမှု စုံစမ်းစစ်ဆေးရေးနှင့် ကာကွယ်ရေးစင်တာ (CENIPA)က ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် ဖြစ်စဉ်မှတ်တမ်းများကို ပြန်လည်သုံးသပ်နေသည်။ ဘရာဇီးနိုင်ငံတွင် လေယာဉ်မတော် တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ယခုဖြစ်စဉ်မတိုင်မီ ၂၀၂၆ ခုနှစ်အတွင်း၌ပင် လေကြောင်းမတော်တဆမှုပေါင်း ၈၄ ကြိမ်အထိ စံချိန်တင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN