(ပြည်တွင်း) ဇွန် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့တောင်ဘက် ချောင်းဦး–ရေစကြိုကားလမ်းဘေးရှိ ငါးလုံးတင်ကျေးရွာအတွင်း PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် လက်နက်အားကိုးဖြင့် ဝင်ရောက်နေရာယူကာ ပြည်သူပိုင်နေအိမ်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို စစ်ရေးအခြေစိုက်စခန်းများအဖြစ် အသုံးပြုခဲ့ကြောင်း သိရသည်။
ထိုအဖွဲ့များသည် ဒေသခံပြည်သူများအား လူသားတံတိုင်းအဖြစ် အသုံးချ၍ မုံရွာ–စစ်ကိုင်းနှင့် ချောင်းဦး–ရေစကြို လမ်းကြောင်းများပေါ်တွင် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီးနောက် တပ်မတော်စစ်ကြောင်းများ၏ ထိုးစစ်ဆင်ဆောင်ရွက်မှုအတွင်း ဇွန်လ ၉ ရက်တွင် အပြီးတိုင် ချေမှုန်းခံခဲ့ရကြောင်း သိရသည်။
နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရာတွင် ငါးလုံးတင်ကျေးရွာအရှေ့ဘက် မီတာ ၄၀၀ ခန့်အကွာ လယ်ကွင်းအတွင်းရှိ အဆောက်အအုံတစ်ခုအောက်တွင် ကွန်ကရစ်ဖြင့် အခိုင်အမာတည်ဆောက်ထားသည့် မြေအောက်ဘန်ကာတစ်ခုကို တပ်မတော်စစ်ကြောင်းများက ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ချောင်းဦး–ရေစကြိုလမ်းကြောင်းတစ်လျှောက်ရှိ မထိသာကျေးရွာနှင့် မင်းခေါင်ကျေးရွာများတွင်လည်း နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အကြမ်းဖက်သောင်းကျန်းသူများ အခြေပြုအသုံးပြုထားသည့် စခန်းနေရာများကို ထပ်မံသိမ်းပိုက်ရရှိခဲ့သည်။
အဆိုပါကျေးရွာများအတွင်းရှိ နေအိမ်များနှင့် ဘာသာရေးအဆောက်အအုံများတွင် သဲအိတ်ဘန်ကာများ တည်ဆောက်ထားခြင်း၊ မိုင်းများထောင်ထားခြင်းနှင့် ခံစစ်ကျင်းများတူးဖော်ထားခြင်းတို့ကို တွေ့ရှိရပြီး ၎င်းတို့အား ခံစစ်အခြေစိုက်စခန်းများအဖြစ် အသုံးပြုထားကြောင်း သိရသည်။
လက်ရှိတွင် တပ်မတော်စစ်ကြောင်းများအနေဖြင့် ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးအတွက် အပျက်အစီးများရှင်းလင်းခြင်း၊ မိုင်းရှင်းလင်းခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိပြီး အဆိုပါဒေသတစ်ဝိုက်တွင် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်တင်းကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN