(ပညာရေး) ဇွန် ၁၂
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်ရှိရန် နီးကပ်လာသည့်အချိန်တွင် လူမှုကွန်ရက်စာမျက်နှာများပေါ်၌ “အောင်စာရင်းကြိုသိပေးမည်”၊ “စာမေးပွဲအောင်အောင် လုပ်ပေးမည်”၊ “ဂုဏ်ထူးရအောင် ကူညီပေးမည်” စသည့် စာသားများဖြင့် ခုံအမှတ်များတောင်းယူကာ ငွေကြေးလိမ်လည်မှုများ ဖြစ်ပွားနိုင်သဖြင့် မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အထူးသတိပြုရန် လိုအပ်ကြောင်း သက်ဆိုင်ရာက အသိပေးထားသည်။
ထို့အပြင် အချို့လိမ်လည်သူများသည် အကောင့်တုများ အသုံးပြုကာ “ကြည့်ပေးတာ မှန်ကန်သည်” ဟု အချင်းချင်းထောက်ခံရေးသားပြီး ယုံကြည်မှုရရှိစေရန် စနစ်တကျ လိမ်လည်လှည့်ဖြားလေ့ရှိကြောင်းလည်း သိရသည်။
စာစစ်ဦးစီးဌာနအနေဖြင့် မည်သည့်အောင်စာရင်းကြည့်ရှု Application ကိုမျှ တရားဝင်ထုတ်ပြန်ထားခြင်းမရှိကြောင်းနှင့် ပြင်ပ Application များအသုံးပြုခြင်းသည် ကိုယ်ရေးအချက်အလက် လုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်ကြောင်း သတိပေးထားသည်။
အောင်စာရင်းများကို တရားဝင်ဝက်ဘ်ဆိုက်များမှသာ ထုတ်ပြန်ပေးမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ ခုံအမှတ်ဖြင့် တိုက်ရိုက်ရှာဖွေကြည့်ရှုနိုင်ရန် result.dme.gov.mm ဝက်ဘ်ဆိုက်တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အောင်စာရင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို တရားဝင်ဝက်ဘ်ဆိုက်များမှသာ စောင့်ကြည့်ရန်နှင့် အွန်လိုင်းပေါ်ရှိ မသမာသူများ၏ လိမ်လည်မှုများကို အထူးသတိပြုရန် တိုက်တွန်းထားသည်။

#PAN