မြောက်ကိုရီးယားသို့ ဒရုန်းများ စေလွှတ်ခဲ့မှုကြောင့် တောင်ကိုရီးယား သမ္မတဟောင်း ယွန်းဆွတ်ယို ကို ထောင်ဒဏ် နှစ် ၃၀ ထပ်မံချမှတ်

(နိုင်ငံတကာ) ဇွန် ၁၂

     တောင်ကိုရီးယားနိုင်ငံအတွင်း စစ်အုပ်ချုပ်ရေး (မာရှယ်လော) ကြေညာရန်အတွက် ဆင်ခြေဆင်လက်တစ်ရပ် ဖန် တီးရန် ရည်ရွယ်ချက်ဖြင့် မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ စစ်ဘက်ဆိုင်ရာ ဒရုန်းများ စေလွှတ်ခဲ့မှုဖြင့် ရာထူးမှ ဖယ် ရှားခံထားရသည့် သမ္မတဟောင်း ယွန်းဆွတ်ယို (Yoon Suk Yeol) အား ဆိုးလ်အလယ်ပိုင်းခရိုင်တရားရုံးက သောကြာနေ့ (ယနေ့) တွင် ထောင်ဒဏ် နှစ် ၃၀ ထပ်မံချမှတ်လိုက်ကြောင်း သိရသည်။

     ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းက မြောက်ကိုရီးယားနိုင်ငံဘက်သို့ ဝါဒဖြန့်လက်ကမ်းစာစောင်များ ကြဲချသည့် ဒရုန်းများ ပျံသန်းခဲ့မှုကြောင့် ကိုရီးယားနှစ်နိုင်ငံကြား စစ်ရေးတင်းမာမှုများ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အထူးအစိုးရရှေ့နေများက ယွန်းဆွတ်ယိုသည် ဒရုန်းများကို အသုံးပြု၍ “စစ်ပွဲဖြစ်ပွားလုနီးပါး အခြေ အနေမျိုး (Wartime Conditions)ကို လုပ်ကြံဖန်တီးကာ” နိုင်ငံတော်လုံခြုံရေးကို ထိခိုက်ပျက်ပြားစေခဲ့ကြောင်း စွပ်စွဲတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

     ယွန်းဆွတ်ယို၏ ရှေ့နေများကမူ ၎င်းအနေဖြင့် အဆိုပါ ဒရုန်းစစ်ဆင်ရေးကို အမိန့်ပေးခဲ့ခြင်း သို့မဟုတ် အတည်ပြုပေးခဲ့ခြင်းမျိုး လုံးဝမရှိကြောင်းနှင့် ယင်းဖြစ်စဉ်သည် မြောက်ကိုရီးယားဘက်က အမှိုက်များထည့်ထားသည့် မိုးပျံပူဖောင်းများဖြင့် ရန်စမှုကို တုံ့ပြန်ခြင်းသာဖြစ်ပြီး စစ်အုပ်ချုပ်ရေးနှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုခဲ့သော်လည်း တရားရုံးက လက်မခံဘဲ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

     တစ်ချိန်က တောင်ကိုရီးယား၏ ထိပ်တန်းအစိုးရရှေ့နေကြီး ဖြစ်ခဲ့ဖူးသူ ကွန်ဆာဗေးတစ်ခေါင်းဆောင် ယွန်းဆွတ်ယိုသည် ၂၀၂၄ ခုနှစ်အတွင်း မအောင်မြင်ခဲ့သော စစ်အုပ် ချုပ်ရေးအမိန့်ကို ထုတ်ပြန်ခဲ့သဖြင့် နိုင်ငံကို ဆယ်စုနှစ်များစွာအတွင်း အနက် ရှိုင်းဆုံး နိုင်ငံရေးရုန်းရင်းဆန်ခတ်မှုအတွင်းသို့ တွန်းပို့ခဲ့သည်။

     ယင်းနောက်ပိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ၎င်းအား စွပ်စွဲပြစ်တင်မှု (Impeachment) ကို အတည်ပြုကာ ရာထူးမှ ဖယ်ရှားခဲ့သည်။ ထို့နောက် ပေါ်ပေါက်လာသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်ဘရယ်ပါတီမှ သမ္မတ လီဂျေမျောင်း (Lee Jae Myung) က အနိုင်ရရှိပြီး အစိုးရ အဖွဲ့သစ် တက်လာခဲ့ခြင်း ဖြစ်သည်။

     ယွန်းဆွတ်ယိုသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း စစ်အုပ်ချုပ်ရေးထုတ်ပြန်ကာ ပုန်ကန်မှုကို ဦးဆောင်ရန် ကြိုးပမ်းမှုဖြင့် တရားရုံးကဘထောင်ဒဏ်တစ်သက်တစ် ကျွန်း ချမှတ်ထားခဲ့ပြီးဖြစ်သည်။ လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည့် သမ္မတဟောင်း ယွန်းဆွတ်ယိုအနေဖြင့် ယနေ့ထွက်ပေါ်လာသည့် အောက်တရားရုံး၏ ထောင်ဒဏ် နှစ် ၃၀ စီရင် ချက်အပေါ် ထပ်မံအယူခံဝင်နိုင်ခွင့်ရှိကြောင်း သိရသည်။

     ကိုရီးယားနှစ်နိုင်ငံကြားတွင် ဒရုန်းပျံသန်းမှုများသည် ပေါက် ကွဲလွယ်သော အဓိကတင်းမာမှုအချက်အဖြစ် တည်ရှိနေဆဲဖြစ်ပြီး၊ ယခုနှစ်ဆန်းပိုင်းတွင် တောင်ကိုရီးယားအစိုးရသစ်က မြောက်ကိုရီးယားအတွင်းသို့ ဒရုန်းများဝင်ရောက်ခဲ့မှုအပေါ် ဝမ်းနည်းကြောင်း သံတမန်ရေးအရ ထုတ်ဖော်ပြောဆိုခဲ့သော် လည်း၊ မြောက်ကိုရီးယားဘက်က တောင်ကိုရီးယားကို “ရန်လိုမှုအရှိဆုံးရန်သူ” အဖြစ် ပြန်လည်သတ် မှတ်ခဲ့ခြင်းကြောင့် ဒေသတွင်းပြန်လည်သင့်မြတ်ရေး မျှော်လင့်ချက်များမှာ မှေးမှိန်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN