ဟားမတ်စ်အဖွဲ့ကို ထောက်ခံ သည်ဟု စွပ်စွဲကာ ဂါဇာစစ်ပွဲကို ဝေဖန်လေ့ရှိသည့် ပြင်သစ်သတင်းထောက်တစ်ဦးကို အစ္စရေးက ပြည်နှင်ဒဏ်ပေး

(နိုင်ငံတကာ) ဇွန် ၁၂

     ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေး၏ စစ်မက်ပြုမှုများနှင့် သိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်း (West Bank) ရှိ တင်းကျပ်သော မူဝါဒများအပေါ် မကြာခဏ ဝေဖန်ရေးသားလေ့ရှိသည့် ပြင်သစ်သတင်းထောက် အဲလစ် ဖရူဆတ် (Alice Froussard) ကို အစ္စရေးအာဏာပိုင်များက နိုင်ငံအတွင်းမှ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။

     ကြာသပတေးနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြင်သစ်အစိုးရအနေဖြင့် ၎င်းတို့၏ နိုင်ငံသားဖြစ်သူ သတင်း ထောက် ဖရူဆတ် ကို တရားဥပဒေကြောင်းအရ ကူညီပံ့ပိုးပေးနေသော်လည်း၊ လာရောက်သူတစ်ဦးအား ပြည်နှင်ဒဏ်ပေးရန် ဆုံးဖြတ်ခြင်းသည် အစ္စရေးနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဥပဒေကြောင်းအရ လုပ်ပိုင်ခွင့်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။

     အစ္စရေးအစိုးရဘက်ကမူ ဖရူဆတ်ကို ပြည်နှင်ဒဏ်ပေးရသည့် အကြောင်းရင်းကို တရားဝင် ထုတ်ပြန်ခြင်းမရှိသော် လည်း၊ အစ္စရေး ပြည်ပရောက်ဂျူးလူမျိုးများဆိုင်ရာ ဝန်ကြီး အာမီချိုင်း ချစ်ကလီ (Amichai Chikli)က ၎င်း၏ လူမှုကွန် ရက်တွင် “ဟားမတ်စ်အဖွဲ့ကို ထောက်ခံပြီး အောက်တိုဘာ ၇ ရက် အစုအပြုံလိုက်သတ်ဖြတ်မှုကို ‘နောက်ခံအကြောင်းအရာ’ နဲ့ ရှုမြင်ရမယ်လို့ ပြောဆိုတဲ့ ပြင်သစ်သတင်းထောက် အဲလစ် ဖရူဆတ် ဟာ ဘန်ဂူရီယွန်လေဆိပ်ကနေ ပဲရစ်မြို့ကို ပြန်တဲ့လမ်းပေါ် ရောက်နေပြီဖြစ်လို့ ဝမ်းမြောက်မိပါတယ်” ဟု အတိအလင်း ရေး သားခဲ့သည်။

     နိုင်ငံခြားသတင်းထောက်များအသင်း (The Foreign Press Association) က အစ္စရေးအာဏာပိုင်များ၏ လုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး၊ ဖရူဆတ် မလာရောက်မီကပင် အစ္စရေးအစိုးရကိုယ်တိုင် ၎င်း၏ ပြည်ဝင်ခွင့်နှင့် ခရီးသွားလာခွင့်ကို တရားဝင် ခွင့်ပြုချက် ပေးထားခဲ့ပြီးဖြစ်ကြောင်း ထောက်ပြထားသည်။

     “ဒါဟာ အစ္စရေးအစိုးရက သတင်းမီဒီယာတွေရဲ့ ကွင်းဆင်းသတင်းဖော်ပြချက်ကို ‘တစ်ဖက်သတ်ဆန်တယ်’ လို့ စွပ်စွဲပြီး နှိပ်ကွပ်လိုက်တဲ့ ပထမဆုံးဖြစ်ရပ် မဟုတ်ပါဘူး” ဟု အဆိုပါအသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။  အစ္စရေးသည် ဂါဇာနှင့် လက်ဘနွန်ကျူးကျော်စစ်ပွဲများအပေါ် နိုင်ငံတကာသတင်းမီဒီယာများ၏ အမှီအခိုကင်းကင်း သတင်းထုတ်ပြန်ခွင့်ကို စနစ်တကျ ပိတ်ပင်နေသည်ဟု ဝေဖန်ခံနေရသည်။ လွန်ခဲ့သည့် သုံးနှစ်နီးပါးခန့်ကတည်းက ယနေ့အထိ နိုင်ငံခြားသတင်း ထောက် တစ်ဦးတစ်ယောက်မျှ ဂါဇာဒေသတွင်းသို့ ဝင်ရောက်ခွင့် မရရှိခဲ့ပေ။

     ယင်းပိတ်ပင်မှုများကြောင့် ဒေသခံ ပါလက်စတိုင်း သတင်း ထောက်များသာ ကိုယ်တိုင် သတင်းယူနေကြရပြီး၊ အစ္စရေးစစ်တပ်သည် သတင်းမှန်များ အပြင်သို့ မရောက်ရှိစေရန် ရည် ရွယ်ချက်ဖြင့် ရာနှင့်ချီသော ဒေသခံသတင်း ထောက်များနှင့် မီဒီယာလုပ်သားများကို သတ်ဖြတ်ခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲထားကြသည်။

Telegram»…
https://t.me/positiveanglenews

#PAN