ဖိအားများပြင်းထန်လာပြီးနောက် အမျိုးသားထောက် လှမ်းရေးညွှန်ကြားရေးမှူး (DNI) အသစ်အဖြစ် ဖက်ဒရယ်ရှေ့နေ ဂျေး ကလေတန် ကို ခန့်အပ်ရန် သမ္မတထရန့် အမည်စာရင်းတင်သွင်း

(နိုင်ငံတကာ) ဇွန် ၁၂

     အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လစ်လပ်နေသော အမျိုး သားထောက်လှမ်းရေးညွှန်ကြားရေးမှူး (DNI) ရာထူးအတွက် နယူးယောက်တောင်ပိုင်းခရိုင်၏ ဖက်ဒရယ်ရှေ့နေဖြစ်သူ ဂျေး ကလေတန်(Jay Clayton)ကို အဆိုပြုအမည်စာရင်း တင်သွင်းသွားမည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် တရားဝင်ထုတ်ဖော်ပြောကြားလိုက်သည်။

     အဆိုပါ ထုတ်ပြန်ချက်သည် ယာယီညွှန်ကြားရေးမှူးအဖြစ် ထရန့်ခန့်အပ်ထားသည့် ဘီလ် ပူးလ်တီ (Bill Pulte) အပေါ် ဒီမိုကရက်များနှင့် ရီပတ်ဘလီကန်အမတ်အချို့၏ ပြင်းထန်သော ကန့်ကွက်မှုများ ထွက်ပေါ်လာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ် သည်။

     ယခင် အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး တူးလ်ဆီ ဂတ်ဘတ်(Tulsi Gabbard) သည် ၎င်း၏ခင်ပွန်းဖြစ်သူ ကင်ဆာရောဂါကုသမှုခံယူနေရခြင်းကြောင့် ပြီးခဲ့သည့်လက ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။ ၎င်းနောက်ပိုင်းတွင် ထရန့်က ထောက်လှမ်းရေး သို့မဟုတ် စစ်ဘက်ဆိုင်ရာ အတွေ့အကြုံ လုံးဝမရှိဘဲ ၎င်းအပေါ် သစ္စာစောင့်သိသူ ဖက်ဒရယ်အိမ်ရာဘဏ္ဍာ ရေးအေဂျင်စီအကြီးအကဲ ဘီလ် ပူးလ်တီ ကို ယာယီညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခဲ့သဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

     ဒီမိုကရက်အမတ်များက ထရန့်အနေဖြင့် ဆီးနိတ်လွှတ်တော် ၏ အတည်ပြုချက်ကို ရှောင်လွှဲရန် ပူးလ်တီကို ယာယီရာထူးဖြင့် (၂၁၀ ရက်အထိ) ထားရှိခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့ကြပြီး၊ တရား ဝင် DNI အသစ်တစ်ဦးကို အမည်စာရင်းမသွင်းပါက ပြည်ပထောက်လှမ်းရေးဆိုင်ရာ လုပ်ပိုင်ခွင့်များကို ပိတ်ပင်သွားမည်ဟု ပူးပေါင်းဖိအားပေးခဲ့ကြသည်။

     သမ္မတထရန့်က ၎င်း၏ Truth Social လူမှုကွန်ရက်တွင် ငွေကြေးနှင့် စတော့အိတ်ချိန်းကော်မရှင် (SEC) ဥက္ကဋ္ဌဟောင်းလည်းဖြစ်သူ ဂျေး ကလေတန် ကို ချီးကျူးစကားဆိုခဲ့ပြီး “ဥပဒေရေးရာအသိုက်အဝန်းမှာ ဂျေး ရရှိထားတဲ့ လေးစားမှုအဆင့်အတန်းမျိုး ရှိတဲ့သူဟာ အလွန်နည်းပါးပါတယ်။ အမေရိကန်ဆီးနိတ်လွှတ်တော်အနေနဲ့ ဂျေး ကို တတ်နိုင်သမျှ အမြန်ဆုံး အတည်ပြုပေးဖို့ ကျွန်တော် တိုက်တွန်းပါတယ်” ဟု ရေးသားခဲ့သည်။

     ကလေတန်အနေဖြင့် ရာထူးအတည်ပြုချက်ရရှိရန် ဆီးနိတ်လွှတ်တော်တွင် အများစုမဲ ရရှိရန်လိုအပ်မည်ဖြစ်ပြီး လက်ရှိ၌ ရီပတ်ဘလီကန်များက အမတ်နေရာ ၁၀၀ အနက် ၅၃ နေရာဖြင့် အသာစီးရရှိထားသည်။

     ယခု အမည်စာရင်းတင်သွင်းမှုသည် ထရန့်က ဗဟိုထောက် လှမ်းရေးအေဂျင်စီ (CIA) နှင့် အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) အပါအဝင် ထောက်လှမ်းရေးအေဂျင်စီ ၁၈ ခုကို ကြီး ကြပ်ကွပ်ကဲသည့် အဆိုပါရုံး၏ ဝန်ထမ်းအင်အားကို လျှော့ချရန် ယာယီညွှန်ကြားရေးမှူး ပူးလ်တီအား ညွှန်ကြားခဲ့ပြီးနောက် တစ်ရက်အကြာတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

     အမေရိကန်၏ ဗင်နီဇွဲလားခေါင်းဆောင် မာဒူရိုကို ပြန်ပေးဆွဲခဲ့မှုနှင့် အီရန်နှင့် စစ်ပွဲဖြစ်ပွားနေမှုများကြောင့် အမေရိကန်ထောက်လှမ်းရေးကဏ္ဍတွင် တင်းမာမှုများ မြင့်တက် နေစဉ်အတွင်း ယခုကဲ့သို့ ထိပ်ပိုင်းခေါင်းဆောင်မှု အပြောင်းအလဲများ ပေါ်ထွက်လာခြင်း ဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN