ဒီဇယ်ဆီတင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်ကာလ တစ်လထပ်တိုးမြှင့်

(စီးပွားရေး) ဇွန် ၁၁

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်လာနေသည့်အခြေအနေတွင် ပြည်တွင်းသယ်ယူပို့ဆောင်ရေးနှင့် အခြေခံစားသောက်ကုန်နှင့် ကုန်စည်ဈေးနှုန်းများအပေါ် သက်ရောက်မှုများကို ထိန်းညှိနိုင်ရန် ရည်ရွယ်၍ ဒီဇယ်ဆီတင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်ကာလကို ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

ယခင်က ၂၀၂၆ ဧပြီ ၁ ရက်မှ မေ ၃၁ ရက်အထိ ကင်းလွတ်ခွင့်ပြုထားသည့် ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအပေါ် ကောက်ခံသည့် အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) တို့ကို ယခုအခါ ၂၀၂၆ ဇွန် ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ထပ်မံကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခွန်ကင်းလွတ်ခွင့်သည် အကောက်ခွန်ဦးစီးဌာနတွင် Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့် ဒီဇယ်ဆီ HSD (500 ppm) များအပေါ် အကျုံးဝင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်းအခြေအနေများနှင့် ပြည်တွင်းစီးပွားရေးအပေါ် သက်ရောက်မှုများကို အခြေခံ၍ ယခုကဲ့သို့ အခွန်ကင်းလွတ်ခွင့်ကာလ တိုးမြှင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

#PAN