(ပြည်တွင်း) ဇွန် ၁၁
ရန်ကုန်မြို့အခြေစိုက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးက ကျင်းပသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ဇွန် ၁၁ ရက် ညပိုင်းက ရန်ကုန်မြို့ရှိ Hotel Lotte ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်ခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယသမ္မတနှင့် တက်ရောက်လာသူများအား မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့၏ နိုင်ငံတော်သီချင်းများဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ရုရှားသံရုံးယာယီတာဝန်ခံက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ သိပ္ပံပညာဆိုင်ရာအောင်မြင်မှုများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတကာရေးရာအခန်းကဏ္ဍတို့ကို ဖော်ပြသည့် မှတ်တမ်းဗီဒီယိုကို ပြသခဲ့သည်။
ဆက်လက်၍ ဒုတိယသမ္မတသည် တက်ရောက်လာသူများနှင့်အတူ ညစာကို အတူတကွသုံးဆောင်ခဲ့ပြီး အဆိုပါညစာအတွင်း ရုရှားယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကအလှများနှင့် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ညစာသုံးဆောင်ပြီးနောက် ဒုတိယသမ္မတနှင့် တက်ရောက်လာသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
#PAN