ဒါကာမြို့၌ ဘင်းမ်စတက် (BIMSTEC) ၂၉ နှစ်မြောက် နှစ်ပတ်လည်နေ့ ကျင်းပ၊ မြန်မာ့ရိုးရာယွန်းထည်နှင့် လက်မှုပစ္စည်းများ ခင်းကျင်းပြသ

(ပြည်တွင်း)ဇွန် ၁၁

     ဘင်္ဂလားပင်လယ်အော်အဖွဲ့အစည်း၏ ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (BIMSTEC)၏ ၂၉ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်း အနားကို ဇွန်လ ၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ရှိ ဟိုတယ်ရှာရက်တန် (Hotel Sheraton) ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

     ယခုအခမ်းအနားကို ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများအကြား ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများနှင့် ချစ် ကြည်ရင်းနှီးမှုများကို ပိုမိုခိုင်မာအားကောင်းစေရန် ရည် ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

     အဆိုပါ အခမ်းအနားသို့ ဒါကာမြို့အခြေစိုက် မြန်မာ နိုင်ငံအပါအဝင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ သံရုံးအကြီးအကဲများ၊ သံရုံးယာယီတာဝန်ခံများနှင့် သံတမန်များ တက်ရောက်ခဲ့ကြသည်။

      အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုး တက်ရောက်ခဲ့ပြီး၊ အခမ်းအနား၏ အစိတ် အပိုင်းတစ်ခုအဖြစ် မြန်မာသံရုံးနှင့် စစ်သံမှူးရုံးတို့ ပူးပေါင်းကာ မြန်မာ့ကြွယ်ဝလှသည့် ယဉ်ကျေးမှုအမွေအနှစ်များကို ပေါ်လွင်စေသော မြန်မာ့ရိုးရာ လက်မှုအနုပညာပစ္စည်းများနှင့် ယွန်းထည်ပစ္စည်းများကို အလှဆင်ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသူများအကြား စိတ် ဝင်စားမှု ရရှိခဲ့သည်။

     အဆိုပါ နှစ်ပတ်လည်အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတော်ဝန်ကြီး Ms Shama Obaed Islam က ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်ချီးမြှင့်ခဲ့ပြီး၊ ၎င်းနှင့်အတူ ဘင်းမ်စတက် အထွေထွေ အတွင်းရေးမှူးချုပ် Mr Indra Mani Pandey တို့က အဖွဲ့ဝင်နိုင်ငံများအကြား ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီး မိန့်ခွန်းပြောကြားခဲ့ကြကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN