ချစ်သူမိန်းကလေးအား သတ်ပြီး ဆီဒိုးနားဟိုတယ် ၂၉ လွှာမှ အမျိုးသားတစ်ဦး ခုန်ချသတ်သေ

(မှုခင်း) ဇွန် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြိုနယ်၊ (၅) ရပ်ကွက်၊ပညာ့ဝတီရိပ်သာလမ်း၊ ဆီဒိုးနားဟိုတယ်နောက်ဖက်တွင် ရပ်ထားသောကားတစ်စီးပေါ်သို ဟိုတယ်အမြင့်ဆုံး ၂၉လွှာမှ အမျိုးသားတစ်ဦးပြုတ်ကျသေဆုံးခဲ့​ကြောင်းသိရသည်။

ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီက ဆီဒိုးနားဟိုတယ် ၂၉လွှာမှ အမျိုးသားတစ်ဦး ခုန်ချသတ်သေသွားကြောင်း သတင်းအရ သက်ဆိုင်ရာတာဝန်ရှိသူများမှ စစ်ဆေးခဲ့ရာ ၂၉ လွှာအရေးပေါ်ထွက်ပေါက်၏ တံခါးဘောင်ပေါ်တွင် ဖုန်းနှစ်လုံး၊ စာတစောင်နှင့် ကားမောင်းလိုင်စင်တခုကို တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ခုန်ချအဆုံးစီရင်သွားသူမှာ ရှမ်းပြည်နယ်​မြောက်ပိုင်း တာမိုးညဲအထူးဒေသမှ မုန်းဝန်းလူမျိုး ဦးတင်စိုးဖြစ်ပြီး လှိုင်သာယာမြို့နယ်ရှိ မိန်ကျယ်အထည်ချုပ်စက်ရုံမှ စီမံကိန်းမန်နေဂျာ၊ မရှုလင်အား သတ်ဖြတ်ခဲ့ပြီး မိမိကိုယ်ကိုကိုယ်အဆုံးစီရင်ခဲ့ကြောင်း သိရသည်။

၎င်းထားရှိခဲ့သောစာထဲတွင် “လေးစားရပါသောရဲအရာရှိများခင်ဗျား ။ကျွန်တော် ကိုတင်စိုးသည် ချစ်သူ မရှုလင်ကိုသတ်မိတဲ့အတွက် ကိုယ့်ကိုကိုယ်အဆုံးစီရင်ဖို့ဆုံးဖြတ်တာပါ။ လှိုင်သာယာအရှေ့ပိုင်းမြိုနယ်၊၆ ရပ်ကွက်၊ ပုဂံလမ်း၊ နဝဒေးအိမ်ယာ၊ Block ၂၀၊ ခြံနံပါတ် ၃ အိမ်မှာချစ်သူရဲ့အလောင်းရှိပါတယ်၊ သွားသယ်ပေးပါ၊ သူနဲ့ချစ်တာ ၇ လကျော်ပါပြီ၊ ကမ္ဘာသိပတ်ဝန်း ကျင်သိပြီးမှ သူကလမ်းခွဲဖိုပြောလို့ စိတ်မထိန်းနိုင်ပဲ သတ်မိတာပါ ။ သူမနဲ့အတူ အပေါ်ထပ်မှာသေဖို့ အိမ်သာထဲမှာ ကြိုးဆွဲချသတ်သေဖို့ ကြိုးစားတာမအောင်မြင်ခဲ့ပါဘူး။ အရာရာအားလုံးကိုတောင်းပန်ပါတယ် ။ နောင်တများစွာနဲ့ ။ ” ရေးသားထားကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့မှ လိပ်စာအတိုင်းသွားရောက်ရှာဖွေရာ အဆိုပါအိမ်မြေညီထပ်တွင် အမျိုးသမီးတစ်ဦး ပြတ်ရှဒဏ်ရာများဖြင့် ကြမ်းပြင်ပေါ်တွင် သွေးအိုင်ထဲလဲကျသေဆုံးနေသည်ကိုတွေ့ရပြီး သေဆုံးသူမှာ မရှုလင် ဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

ဟိုတယ်ပေါ်က ခုန်ချခဲ့သည့် အမျိုးသားရုပ်အလောင်းအား စံပြဆေးရုံကြီးသို့ မိုးစေတနာ ပရဟိတအသင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#PAN