
(နိုင်ငံတကာ) ဇွန် ၁၁
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ သမက်ဖြစ်သူ ဂျာရက်ကုရှ်နာ (Jared Kushner) ကျောထောက်နောက်ခံပြုထားသည့် ယူရို ၅ ဘီလီယံတန် ဇိမ်ခံအပန်းဖြေစခန်းစီမံကိန်းကို ဆန့်ကျင်သောအားဖြင့် အယ်လ်ဘေးနီးယားနိုင်ငံ မြို့တော် တီရာနာတွင် လူပေါင်းထောင်ချီ ထွက်ပေါ်ဆန္ဒပြခဲ့ကြရာ ၎င်းသည် အဆိုပါစီမံကိန်းအပေါ် ကန့်ကွက်သည့် အကြီးမားဆုံး ဆန္ဒပြပွဲ ဖြစ်လာခဲ့သည်။

ဆန္ဒပြသူများသည် ဝန်ကြီးချုပ် အဒီရာမာ(Edi Rama) ၏ ရုံးခန်းအပြင်ဘက်တွင် “အယ်လ်ဘေးနီးယားသည် ရောင်းရန်မဟုတ်” ဟု ရေးသားထားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ “အယ်လ်ဘေးနီးယားသစ်” ဟု ကြွေး ကြော်ခဲ့ကြပြီး လူအုပ်ကြီးမှာ ပင်မရိပ်သာလမ်းမကြီးတစ် လျှောက် မိုင်ဝက်ခန့်အထိ ရှည်လျားစွာ တန်းစီခဲ့ကြသည်။
ယခုဇိမ်ခံစီမံကိန်းသည် ဖလမင်ဂိုငှက်များ၊ ဖျံများနှင့် ပင် လယ်လိပ်များ ဥအုရာ ဇဗဲနက်(Zvernec) အကာအကွယ်ပေးထားသော ရွှံ့နွံတောမြေနှင့် ကပ်လျက်တည်ရှိနေခြင်းကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများနှင့် ဒေသခံများ၏ ပြင်းထန်သော မကျေနပ်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် အဆိုပါဆန္ဒပြပွဲများကို ငှက်များရွှေ့ ပြောင်းနားခိုရာနေရာကို အစွဲပြု၍ “ဖလမင်ဂိုတော်လှန်ရေး” (Flamingo Revolution) ဟု အမည်ပေးထားကြသည်။
ဝန်ကြီးချုပ် ရာမာကမူ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက် ရောက်မှု ဆန်းစစ်ချက်ကို လုပ်ဆောင်သွားမည်ဖြစ်ပြီး စီမံကိန်းကို တာဝန်ယူမှုရှိရှိ ဆက်လက်ဆောင်ရွက်သွားမည်ဟုဆိုကာ ကာကွယ်ပြောဆိုထားသည်။
အယ်လ်ဘေးနီးယားနိုင်ငံအား ၂၀၃၀ ပြည့်နှစ်တွင် အဖွဲ့ဝင်အဖြစ် လက်ခံရန် စဉ်းစားနေသည့် ဥရောပသမဂ္ဂ (EU) က ဥရောပသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများနှင့် ကိုက်ညီမှုရှိခြင်းသည် အဖွဲ့ဝင်ဖြစ်ခွင့်အတွက် အခြေခံစည်းကမ်းချက်ဖြစ်ကြောင်းနှင့် အီးယူအဖွဲ့ဝင်ဖြစ်ရေးကို ထိခိုက်စေမည့် လုပ်ဆောင်ချက်မျိုးကို ရှောင်ကြဉ်ရန် သတိပေးထားသည်။
ယခုဆန္ဒပြပွဲသည် စီမံကိန်းကိစ္စသာမက ၂၀၁၃ ခုနှစ်ကတည်းက အာဏာရလာခဲ့ပြီး ကြီးထွားနေသော ခြစားမှုများကို အမြစ်ပြတ်အောင် မလုပ်ဆောင်နိုင်ခြင်း၊ ကျန်းမာ ရေးကဲ့သို့ အခြေခံဝန်ဆောင်မှုများ ညံ့ဖျင်းခြင်းတို့ကြောင့် ဝန်ကြီးချုပ် ရာမာ့အစိုးရအပေါ် ပြည်သူများ၏ မယုံကြည်မှုနှင့် မကျေနပ်မှုများ ပေါက်ကွဲလာခြင်းလည်း ဖြစ်သည်။ သို့သော် ဝန်ကြီးချုပ်ကမူ စီမံကိန်းကို ဆက်လက်အကောင် အထည်ဖော်သွားမည်ဟု ပြောကြားထားသည်။
Telegram»…
https://t.me/positiveanglenews
#PAN