ကမ္ဘာပေါ်တွင် လူဦးရေ ၇၀ လျှင် ၁ ဦးနှုန်း နေရပ်စွန့်ခွာနေရကြောင်း UNHCR ထုတ်ပြန်၊ လက်ဘနွန်နှင့် အီရန်အရေးကြောင့် စိန်ခေါ်မှုများရှိနေဆဲ

(နိုင်ငံတကာ) ဇွန် ၁၁

     ကမ္ဘာတစ်ဝန်းတွင် စစ်ပွဲများနှင့် ပဋိပက္ခများကြောင့် အနည်း ဆုံး လူဦးရေ ၁၁၇.၈ သန်း (သို့မဟုတ်) ကမ္ဘာ့လူဦး ရေ၏ ၇၀ လျှင် ၁ ဦးနှုန်းမှာ အဓမ္မနေရပ်စွန့်ခွာရွှေ့ပြောင်းနေရဆဲဖြစ် ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ယနေ့ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ဘသို့သော်လည်း ကမ္ဘာ့အကြီးမားဆုံးသော အကျပ် အတည်းဖြစ်ပွားရာ ဒေသအချို့မှ ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့် ခွာရသူများ (IDPs) အလုံးအရင်းဖြင့် နေရပ်ပြန်ကြခြင်းကြောင့် လွန်ခဲ့သည့် ၁၀ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် နေရပ်စွန့်ခွာရမှုနှုန်းမှာ ၄ ရာခိုင် နှုန်းခန့် ပြန်လည်ကျဆင်းသွားခဲ့သည်။

​     ၂၀၂၅ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ အရေအတွက်အနည်းငယ်ကျဆင်းခဲ့သော်လည်း ၂၀၂၆ ခုနှစ် မတ်လနှောင်းပိုင်းတွင် စတင်ခဲ့သော အီရန်အပေါ် အမေရိကန်-အစ္စရေး စစ်ပွဲကြောင့် လက်ဘနွန်နှင့် အီရန်တို့တွင် နေရပ်စွန့်ခွာမှု အကျပ်အတည်းအသစ်များ ထပ်မံပေါ်ပေါက်လာခဲ့သည်။

     ၂၀၂၂ ခုနှစ်တွင် စတင်ခဲ့သော ယူကရိန်းစစ်ပွဲသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း လျင်မြန်စွာ ကြီးထွားလာသည့် ဒုက္ခသည်အကျပ်အတည်းများအနက် တစ်ခုဖြစ်လာခဲ့ပြီး တစ်နှစ်မပြည့်မီကာလအတွင်း လူဦးရေ ၅.၇ သန်း ယူကရိန်းနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ၂၀၂၃ ခုနှစ်တွင် ဆူဒန်စစ်တပ်နှင့် လျင် မြန်စွာပံ့ပိုးကူညီရေးတပ်ဖွဲ့ (RSF) ကြား ဖြစ်ပွားခဲ့သော ဆူဒန်နိုင်ငံတွင်း ပဋိပက္ခကြောင့် ဒုက္ခသည်အရေအတွက် ၁.၅ သန်းအထိ တိုးလာခဲ့သည်။

     ထိုနှစ်အတွင်းမှာပင် ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေး ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူများအပေါ် ဆိုးရွားသော ထိခိုက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ဂါဇာရှိ လူဦးရေ ၂.၃ သန်းနီးပါးလုံး နေရပ်စွန့်ခွာခဲ့ရပြီး အများစုမှာ အကြိမ်ကြိမ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။



     မကြာသေးမီက အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ကြား တိုက် ပွဲများ ပြန်လည်ဖြစ်ပွားလာပြီးနောက် အီရန်အပေါ် အမေရိကန်-အစ္စရေး စစ်ပွဲကြောင့် လက်ဘနွန်တွင် နေရပ်စွန့်ခွာမှု အကျပ် အတည်းအသစ်တစ်ခု ဖြစ်ပွားခဲ့သည်။ အစ္စရေးသည် လက်ဘနွန်တောင်ပိုင်းအတွက် ကျယ်ကျယ်ပြန့်ပြန့် အဓမ္မနေရပ်စွန့်ခွာမှု အမိန့်များကို ထုတ်ပြန်ခဲ့ပြီး လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့်အတူ မြေပြင်ကျူး ကျော်စစ်ကိုပါ ဆင်နွှဲခဲ့သည်။

    UNHCR ၏ စာရင်းဇယားများအရ အဓမ္မနေရပ်စွန့်ခွာရသူ စုစုပေါင်းအနက် –
• ​၆၈.၆ သန်း မှာ မိမိတို့နိုင်ငံအတွင်း၌ပင် ရွှေ့ပြောင်းနေရသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ (IDPs) ဖြစ် သည်။
• ​၂၈.၅ သန်း မှာ UNHCR ၏ စောင့်ရှောက်မှုအောက်တွင်ရှိသော ဒုက္ခသည်များဖြစ်သည်။
• ​၉ သန်း မှာ နိုင်ငံတကာတွင် ခိုလှုံခွင့်လျှောက်ထားပြီး စောင့်ဆိုင်းနေသူများဖြစ်သည်။
• ​၆ သန်း မှာ UNRWA အောက်တွင်ရှိသော ပါလက်စတိုင်းဒုက္ခသည်များဖြစ်သည်။

​     ဒုက္ခသည်ဦးရေ အများဆုံးလက်ခံထားသည့် နိုင်ငံများမှာ ကိုလံဘီယာ (၂.၈ သန်း)၊ ဂျာမနီ (၂.၇ သန်း) နှင့် တူရကီ (၂.၄ သန်း) တို့ ဖြစ်ကြပြီး ဒုက္ခသည်အများစုမှာ မိမိတို့၏ အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံနေကြခြင်းဖြစ်သည်။

​     ၂၀၂၅ ခုနှစ်အတွင်း နေရပ်သို့ ပြန်ကြသည့် ဒုက္ခသည်နှင့် IDP အရေအတွက်မှာ ၁၄.၇ သန်းကျော်ရှိခဲ့ပြီး ယင်းသည် သမိုင်းတစ်လျှောက် အမြင့်ဆုံး နေရပ်ပြန်မှုလှိုင်း ဖြစ် သည်။ နေရပ်ပြန်သူ စုစုပေါင်း၏ ၉၂ ရာခိုင်နှုန်းမှာ ကွန်ဂို၊ ဆူဒန်၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ယူကရိန်းနှင့် မြန်မာ နိုင်ငံ (၄၁၅,၂၀၀ ဦး) အပါအဝင် နိုင်ငံပေါင်း ခြောက်နိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။

သို့သော်လည်း အဆိုပါနိုင်ငံအများစုမှာ အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများ ရှိနေဆဲဖြစ်သဖြင့် နေရပ်ပြန်ရန် အခြေ အနေမှာ စိတ်ချရသည့်အနေအထား မဟုတ်သေးကြောင်းနှင့် ၎င်းတို့ရင်ဆိုင်ရမည့် အန္တရာယ်များအတွက် စိုးရိမ်ရကြောင်း UNHCR က သတိပေးထားသည်။

Telegram»…
https://t.me/positiveanglenews

#PAN