အမေရိကန်၏ တိုက်ခိုက်မှုအသစ်များအပြီး အီရန်က ဘာရိန်း၊ ကူဝိတ်ရှိ အခြေစိုက်စခန်းများနှင့် ဟော်မုဇ်ရေလက် ကြားကို ပိတ်ဆို့တိုက် ခိုက်

(နိုင်ငံတကာ) ဇွန် ၁၁

     အမေရိကန်ပြည်ထောင်စု၏ လေကြောင်းတိုက်ခိုက်မှုအသစ်များကို လက်တုံ့ပြန်သည့်အနေဖြင့် အီရန်အစ္စလာမ်မစ်တော်လှန် ရေးအစောင့်တပ်ဖွဲ့ (IRGC) က ဘာရိန်းနှင့် ကူဝိတ်နိုင်ငံတို့ရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်းနှင့် ဟော်မုဇ်ရေလက်ကြားကို “နောက်ထပ် အကြောင်းမပြန်မချင်း ပိတ်လိုက်ပြီ” ဟု ကြေ ညာလိုက်သည်။

     ယခု အပြန်အလှန်တိုက်ခိုက်မှုသည် သမ္မတ ဒေါ်နယ်ထရန့်၏ အမိန့်အရ အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM)က အီရန်နိုင်ငံအတွင်းရှိ ကက်ရှ်ကျွန်း၊ ဘန်ဒါအာဘတ်စ်နှင့် ဆီရစ်ခ်မြို့များကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အီရန်ဘက်ကလည်း ကြာသပတေးနေ့အစောပိုင်းတွင် ဘာရိန်းရှိ ရှိတ်အီဆာလေတပ်စခန်း၊ ကူဝိတ်ရှိ အလီအယ်လ်ဆလမ်နှင့် အာမက်ဒ်အယ်လ်ဂျာဘာ လေတပ်စခန်းများကို ပစ်မှတ်ထားခဲ့သည့်အပြင်၊ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရန် ကြိုးပမ်းသည့် ရေနံတင်သင်္ဘောနှစ်စင်းကိုပါ တိုက်ခိုက်ခဲ့သည်။

     သမ္မတထရန့်က အီရန်သည် ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် ညှိနှိုင်းမှုများကို အချိန်ဆွဲကာ အမေရိကန်ကို အရူးလုပ်နေသည်ဟု စွပ်စွဲခဲ့ပြီး၊ အကယ်၍ သဘောတူညီချက်ကို လက် မှတ်မထိုးပါက အီရန်ရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများနှင့် တံတားများကို တိုက်ခိုက်မည်ဟု Fox News နှင့် အင်တာဗျူးတွင် ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ခဲ့သည်။

     ယင်းအပေါ် အီရန်သမ္မတ မာဆုဒ် ပီဇက်ရှ်ကီယန်က X လူမှုကွန်ရက်မှတစ်ဆင့် ပြန်လည်တုံ့ပြန်ရာတွင် ပြည်သူ့အသက်သွေး ကြောဖြစ်သည့် အခြေခံအဆောက်အအုံများကို တိုက်ခိုက်ရန် ခြိမ်းခြောက်ခြင်းသည် အင်အားပြခြင်းမဟုတ်ဘဲ စိတ်ပျက်အားလျော့နေသည့် လက္ခဏာသာဖြစ်ကြောင်းနှင့် အီရန်အနေ ဖြင့် အမျိုးသားညီညွတ်မှုကို အားကိုးကာ မည်သည့်ဖိအားကိုမဆို ကြံ့ကြံ့ခံသွားမည်ဟု တုံ့ပြန်ခဲ့သည်။

     ပြီးခဲ့သည့် ဧပြီလက ရရှိခဲ့သော ယာယီအပစ်ရပ်စဲရေးကို ယခုသီတင်းပတ်အတွင်း ရဟတ်ယာဉ်ပစ်ချခံရမှု ဂယက်ကြောင့် နှစ်ဖက်စလုံးက အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြပြီး ဖြစ်သည်။ ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှု ငါးပုံတစ်ပုံ ဖြတ်သန်းရာ ဟော်မုဇ်ရေ လက်ကြား ပြန်လည်ပိတ်ဆို့ခံရမှုကြောင့် ကမ္ဘာ့ရေနံနှင့် ရိက္ခာဈေးနှုန်းများ တဟုန်ထိုး မြင့်တက်လာနိုင်သည့် အခြေအနေသို့ ရောက်ရှိနေသည်။

     လက်ရှိတွင် နှစ်ဦးနှစ်ဖက်စလုံးသည် စစ်ပွဲရပ်တန့်ရန် သွယ် ဝိုက်သောနည်းဖြင့် ဆွေးနွေးနေကြသော်လည်း အီရန် ဘက်က ထိန်းချုပ်ခံထားရသည့် ပိုင်ဆိုင်မှုများ ပြန်ထုတ် ပေးရန်နှင့် ပိတ် ဆို့မှုများ လျှော့ပေါ့ပေးရန် တောင်းဆိုနေ သည်။

     ထို့ပြင် အစ္စရေးက လေဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့အပေါ် စစ်ဆင်ရေး တိုးမြှင့်နေခြင်းနှင့် အီရန်က မည်သည့်ငြိမ်း ချမ်းရေးတွင်မဆို လေဘနွန်တိုက်ပွဲများ ရပ်တန့်ရေး ထည့် သွင်းရန် တောင်းဆိုနေခြင်းတို့ကြောင့် ငြိမ်းချမ်းရေးရရှိရန် လမ်းစမှာ ပိုမိုဝေးကွာ ရှုပ်ထွေးလျက်ရှိသည်။

Telegram»…
https://t.me/positiveanglenews

#PAN