ယာယီထောက်လှမ်းရေးအကြီးအကဲအဖြစ် ဘီလ်ပူးလ်တီကို ထရန့်ခန့်အပ်၊ အေဂျင်စီကို ဝန်ထမ်းအင်အားလျှော့ချရန် ညွှန်ကြားမှုကြောင့် ပါတီနှစ်ခုစလုံး ကန့်ကွက်

ယာယီအမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး ဘီလ်ပူးလ်တီ

(နိုင်ငံတကာ) ဇွန် ၁၁

     အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အငြင်းပွားဖွယ် ရာ စီးပွားရေးလုပ်ငန်းရှင် ဘီလ်ပူးလ်တီကို ယာယီအမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်လိုက်ပြီး၊ ၎င်းတာဝန်စတင်ယူသည်နှင့်တပြိုင်နက် အမျိုးသားထောက်လှမ်း ရေးညွှန်ကြားရေးမှူးရုံး (ODNI) ၏ ဝန်ထမ်းအင်အားကို ချက်ချင်းလျှော့ချရန် ညွှန်ကြားလိုက်သည်။ ယခုလုပ်ရပ်ကြောင့် လွှတ်တော်အတွင်း ဒီမိုကရက်များနှင့် ရီပတ်ဘလီကန်များကြားတွင်ပါ ကန့်ကွက်မှုများ ပြင်းထန်နေသည်။

     သမ္မတထရန့်က ၎င်း၏ Truth Social လူမှုကွန်ရက်တွင် ဇွန်လ ၁၉ ရက်၌ တာဝန်စတင်မည့် ပူးလ်တီအား ရုံးဝန်ထမ်းများကို လျှော့ချပြီး ၎င်းတို့၏ မူလအေဂျင်စီများဆီသို့ ပြန်လည်စေလွှတ်ရန် ညွှန်ကြားထားကြောင်း ရေးသားခဲ့သည်။

     အသက် ၃၈ နှစ်အရွယ်ရှိ ပူးလ်တီသည် ခင်ပွန်းဖြစ်သူ ကင် ဆာဝေဒနာခံစားနေရသဖြင့် ရာထူးမှနုတ်ထွက်သွားသည့် တူလ်ဆီဂတ်ဘတ်၏နေရာတွင် အစားထိုးဝင်ရောက်မည်ဖြစ်သော် လည်း၊ ထောက်လှမ်းရေး သို့မဟုတ် စစ်ဘက်ဆိုင်ရာ နောက်ခံအတွေ့အကြုံ လုံးဝမရှိခြင်းကြောင့် “အရည်အချင်း လုံးဝမပြည့်မီသူ” အဖြစ် ဝေဖန်ခံနေရသည်။

​     ပူးလ်တီအား ခန့်အပ်မှုကြောင့် ဒီမိုကရက်အမတ်များ သည် နိုင်ငံခြားသားများ၏ ဆက်သွယ်ရေးကို ဝရမ်းမပါဘဲ စောင့်ကြည့်ခွင့်ပြုသည့် နိုင်ငံခြားထောက်လှမ်းရေးစောင့်ကြည့်မှုအက်ဥပဒေ (FISA) ၏ ပုဒ်မ ၇၀၂ ကို သက်တမ်းတိုးရန် ငြင်းဆိုထားကြသည်။ အထက်လွှတ်တော် ထောက် လှမ်းရေးကော်မတီမှ မာ့ခ်ဝါနာက ပူးလ်တီကို ခန့်အပ်ခြင်းသည် လွှတ်တော်၏ ကြိုးပမ်းမှုများအတွင်းသို့ “လက်ပစ်ဗုံးတစ်လုံး ပစ်ထည့်လိုက်သလို” အခြေအနေကို ပျက်စီးစေကြောင်း ပြစ်တင်ခဲ့သည်။

     ထရန့်ကမူ “အစွန်းရောက်လက်ဝဲ ဒီမိုကရက်တွေဟာ အမျိုး သားလုံခြုံရေးကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး နိုင်ငံ ရေးကစားနေကြတာ” ဟု တုံ့ပြန်ခဲ့သော်လည်း၊ ၎င်း၏ ရီပတ်ဘလီကန်ပါတီအတွင်းမှပင် ကန့်ကွက်မှုများနှင့် ရင် ဆိုင်နေရသည်။

အထက်လွှတ်တော်လူများစုခေါင်းဆောင် ဂျွန်သျွန်းက “ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးလက်နက်အဖြစ် အသုံးချခံရမယ့် DNI မျိုး မလိုအပ်ပါဘူး။ ကျွန်တော်တို့ ဒီနေရာမှာ ကျွမ်းကျင်ပညာရှင်တွေကို လိုအပ်တာပါ” ဟု ဆိုကာ အမြဲတမ်းထောက် လှမ်းရေးအကြီးအကဲတစ်ဦးကို အမြန်ဆုံးရွေးချယ်ရန် သမ္မတကို တောင်းဆိုထားသည်။

​     လက်ရှိတွင် ဖက်ဒရယ်အိမ်ရာဘဏ္ဍာရေးအေဂျင်စီ၏ အကြီး အကဲအဖြစ် တာဝန်ထမ်းဆောင်နေသော ပူးလ်တီသည် ထရန့်၏ ပြိုင်ဘက်များဖြစ်သည့် ဖက်ဒရယ်အရိုးစွဲဘဏ်အဖွဲ့ဝင် လီဆာကွတ်၊ နယူးယောက်ပြည်နယ်ရှေ့နေ ချုပ် လက်တီတီယာဂျိမ်းစ်နှင့် ဒီမိုကရက်အမတ် အာဒမ်ရှစ်ဖ်တို့ကို အိမ်ရာလိမ်လည်မှုများဖြင့် စွပ်စွဲခဲ့ဖူးသည်။

     ဝေဖန်သူများက ပူးလ်တီသည် ၎င်း၏ အစိုးရတာဝန်ကို ထရန့်၏ နိုင်ငံရေးရန်သူများအား နှိပ်ကွပ်ရန်အတွက် လက်နက်သဖွယ် အသုံးချနေသူဖြစ်ပြီး၊ ယခု ODNI ကို ဦးဆောင်ရာတွင်လည်း အမေရိကန်၏ ထောက်လှမ်းရေးစွမ်းရည်များကို နိုင်ငံ ရေးရည်မှန်းချက်များအတွက် အလွဲသုံးစားလုပ်လာမည်ကို အပြင်းအထန် စိုးရိမ်ပူပန်လျက်ရှိကြသည်။

Telegram»…
https://t.me/positiveanglenews

#PAN