ရေပြတ်လပ်မှုဆိုးရွားနေချိန် အီရန်၏ ရေလှောင်ကန်များကို အမေရိကန်ဗုံးကြဲ၊ စစ်ရာဇဝတ်မှုမြောက်ကြောင်း အီရန်စွပ်စွဲ

(နိုင်ငံတကာ) ဇွန် ၁၀

     ပါကစ္စတန်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ရရှိထားသည့် ယာ ယီအပစ်အခတ်ရပ်စဲရေး ပျက်ပြားလုနီးပါးဖြစ်ကာ အမေရိကန်နှင့် အီရန်တို့ကြား အပြင်းထန်ဆုံး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ဟော်မုဇ်ရေလက်ကြားအနီးတွင် အမေရိကန် Apache ရဟတ်ယာဉ်တစ်စီး ပစ်ချခံရပြီးနောက် အမေရိကန်စစ်တပ်က အီရန်တောင်ပိုင်းရှိ ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်ဘက်သုံး ရေလှောင်ကန်များ ပျက်စီးခဲ့ကြောင်း သိရသည်။

​     အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်းတို့၏ ရဟတ် ယာဉ်ကို အီရန်က ရည်ရွယ်ချက်ရှိရှိ ပစ်ချခဲ့ခြင်းဖြစ် ကြောင်း စွပ်စွဲကာ “မိမိကိုယ်ကို ခုခံကာကွယ်သည့် တိုက် ခိုက်မှု” အဖြစ် အီရန်နိုင်ငံတောင်ပိုင်းရှိ ဆီရစ်ခ် (Sirik)၊ ဂျတ်စ်ခ် (Jask) နှင့် ဘန်ဒါအာဘတ်စ် ဆိပ်ကမ်းမြို့များကို ဗုံးကြဲခဲ့သည်။

     အမေရိကန်စစ်တပ်က ဆက်သွယ်ရေးနှင့် ရေဒါစခန်းများကိုသာ ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ပြောဆိုသော် လည်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC)နှင့် West Asia News Agency (WANA) တို့၏ ဖော်ပြချက်အရ ဆီရစ်ခ်ခရိုင်ရှိ ဆက်သွယ်ရေးတာဝါတိုင်တစ်ခုအပြင် ကူဟက်စတက်မြို့နှင့် ပတ်ဝန်း ကျင်ကျေးရွာ ၁၀ ရွာမှ ဒေသခံ ၂၀,၀၀၀ ကျော် အမှီပြုနေရသည့် ကွန်ကရစ်ရေလှောင်ကန် နှစ်ခုပါ ပျက်စီးသွားခဲ့သည်။ အဆိုပါ ရေလှောင်ကန်များ ပျက်စီးမှုကြောင့် ကနဦးခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၈ သိန်းနီးပါး ဆုံးရှုံးခဲ့သည်။

​     ယခုတိုက်ခိုက်မှုသည် အီရန်နိုင်ငံအတွက် အလွန်ထိခိုက်လွယ်သော အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အီရန်သည် စစ်ပွဲမတိုင်မီကတည်းက ၅ နှစ်ဆက်တိုက် မိုးခေါင်ရေရှားမှုဒဏ်ကို ပြင်းထန်စွာ ခံစားနေရပြီး၊ မြို့တော်တီဟီရန်ရှိ အဓိကဆည်ကြီး၌ ရေလှောင်ပမာဏ ၈ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကာ တစ်နိုင်ငံလုံးတွင် ဆည်ကြီး ၁၉ ခု ခမ်းခြောက်နေသည်။

      ကမ္ဘာ့အရင်းအမြစ်များ တည်ထောင်မှုအဖွဲ့ (WRI) ၏ အချက်အလက်များအရ အီရန်သည် ၎င်း၏ ပြန်လည်ပြည့်ဖြိုးမြဲ ရေအရင်းအမြစ် ၈၀ ရာခိုင်နှုန်းကျော်ကို နှစ်စဉ် သုံးစွဲနေရသည်။ ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကလည်း ဟော်မုဇ်ရေလက် ကြားရှိ ကက်ရှ်ကျွန်းပေါ်က ပင်လယ်ရေချိုပြောင်းစက်ရုံကို အမေရိကန်က တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာ ၃၀ သို့ ရေပေးဝေမှု ပြတ်တောက်ခဲ့ဖူးသည်။

အီရန် ရေလုပ်ငန်းကဏ္ဍ ပြောရေးဆိုခွင့်ရှိသူ အီဆာ ဘိုဇော့ဂ်ဇာဒေက အရပ်သားများ သောက်သုံးရေရရှိနေသည့် အဆောက်အအုံများကို တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုမြောက်ကြောင်း စွပ်စွဲထားသည်။

     နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများနှင့် ၂၀၀၄ ခုနှစ်တွင် အတည်ပြုခဲ့သည့် “ရေအရင်းအမြစ်ဆိုင်ရာ ဘာလင်စည်းမျဉ်းများ” (The Berlin Rules) အရ စစ်ဖြစ်ပွားနေသည့် တိုင်းပြည်များသည် အရပ်သားများကို အချိုးမညီသော ဆင်းရဲဒုက္ခဖြစ်စေမည့် အရပ်ဘက် ရေပေးဝေရေး အဆောက်အအုံများကို ပစ်မှတ်ထား ဖျက်ဆီးခြင်းမပြုရန် တား မြစ်ထားသည်။

     လက်ရှိတွင် အီရန်ဘက်ကလည်း လက်တုံ့ပြန်သည့်အနေဖြင့် ဘာရိန်း၊ ကူဝိတ်နှင့် ဂျော်ဒန်နိုင်ငံတို့ရှိ အမေရိကန်စစ်စခန်းများကို ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် ဒေသတွင်းစစ်ပွဲ ပိုမိုပြင်းထန်လာမည့်အရေး စိုးရိမ်နေကြရသည်။

Telegram»…
https://t.me/positiveanglenews

#PAN