
(ပြည်တွင်း)ဇွန် ၈
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကဏ္ဍတွင် နေရောင် ခြည်စွမ်းအင်သုံးစနစ် (Solar Power) မှ ပါဝင်ပံ့ပိုးမှုကို သိသိသာသာ တိုးမြှင့်နိုင်ရန်အတွက် လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာနက နေရောင်ခြည်စွမ်းအင်အခြေခံ လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို လာမည့် ၂၀၂၆ ခုနှစ် ဇူလိုင်လ ပထမပတ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် သဘာဝအလျောက် နေရောင်ခြည်စွမ်းအင် အရင်းအမြစ်များ အလွန်ကြွယ်ဝသော နိုင်ငံတစ်ခုဖြစ်သော် လည်း လက်ရှိအချိန်အထိ အဆိုပါအရင်းအမြစ်များမှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်မှုနှင့် လက်တွေ့အသုံးပြုနိုင်မှုအဆင့်မှာ နည်းပါးနေဆဲဖြစ်ကြောင်း ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် အမျိုးသားလျှပ်စစ် ဓာတ် အားလိုင်း (National Grid) အတွင်းသို့ သင့်လျော်သော ဆိုလာစွမ်းအင်သုံးစနစ် အချိုးအစားတစ်ခုကို စနစ်တကျ ပေါင်း စပ်ထည့်သွင်းခြင်းဖြင့် လျှပ်စစ်ထုတ်လုပ်မှုကို တိုးမြှင့်ရန် စီမံဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မိဘပြည်သူများအနေဖြင့်လည်း မိမိတို့အစီအစဉ်ဖြင့် တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆိုလာစနစ်များ တပ်ဆင်အသုံးပြုခြင်းကို အားပေးမြှင့်တင်ပြီး လိုအပ်သည်များကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် သက်ဆိုင်ရာကဏ္ဍအသီး သီးမှ ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများမှ တာဝန် ရှိသူများ၊ ကျောင်းသားများနှင့် စိတ်ပါဝင်စားသည့် ပြည်သူများကို တက်ရောက်ဆွေးနွေးရန် ဝန်ကြီးဌာနက ဖိတ်ခေါ်ထားသည်။
တက်ရောက်သူများသည် ဆိုလာနည်းပညာ၊ ဘက်ထရီနည်းပညာနှင့် နေရောင်ခြည်စွမ်းအင်သုံးစနစ်များအပေါ် အမြင်ချင်းဖလှယ်ကာ အကြံပြုချက်များ ပေးနိုင်မည်ဖြစ်သည်။ ဆွေးနွေးလိုသည့် ခေါင်းစဉ်များကို လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ဖုန်းနံပါတ် ၀၉-၄၃၀၁၆၆၉၀ နှင့် ၀၆၇- ၃၄၁၀၄၇၁ တို့သို့ ဆက်သွယ်ပေးပို့နိုင်ကြောင်း သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ယခုနှစ် ဧပြီလ ၂၉ ရက်နေ့က မန္တလေးတိုင်းဒေသကြီးအတွင်း၌ တစ်ရုံလျှင် ၄၀ မဂ္ဂါဝပ်စီ ထုတ်လုပ်နိုင်သည့် သာစည်နေရောင် ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ (Leader Power Co Ltd တည်ဆောက်) နှင့် သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ (Hanzar Solar Energy Co Ltd တည်ဆောက်) တို့ကို စတင်လည်ပတ်ခဲ့သည်။
ယင်းဓာတ်အားပေးစက်ရုံနှစ်ရုံသည် နှစ်စဉ် လျှပ်စစ် ဓာတ် အား ကီလိုဝပ်နာရီ သန်း ၂၀၂ ခန့် ထုတ်လုပ်ပေးပြီး အိမ်ထောင် စုပေါင်း ၁၃၀,၀၀၀ ခန့်ကို လျှပ်စစ်မီး ဖြန့်ဖြူးပေးလျက်ရှိသည်။ ထို့ပြင် ရွှေစွမ်းအင်ကုမ္ပဏီလီမိတက်က တည်ဆောက်နေသည့် အင်အားပြင်း ၂၁၀ မဂ္ဂါဝပ်ရှိ ဆိုလာဓာတ်အားပေးစီမံ ကိန်းကြီးမှာလည်း လက်ရှိတွင် ဆက်လက်တည်ဆောက်လျက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN